ဆလိုင်းဆွန်ကျဲအို
ဆောင်းရာသီရောက်ပြီ တောင်ပေါ်ပန်းချယ်ရီလေးရယ်
အချိန်တန်လှပြီ ပွင့်လာပါတော့ …
ဆောင်းနေကုန်သွားယင် … နွေဟာပြင်းထန်လာလိမ့်မယ်
အချိန်တွေမနှောင်းခင်မှာ … ပွင့်လာပါတော့
ပန်မည့်နေ့ကို မျှော်မှန်းပြီး စောင့်ပါမယ်
ပွင့်ပါတော့ ချယ်ရီပင်လေးရယ် …။
ညအမှောင်ကြားမှာ တောင်ယာလမ်းတွေကွယ်ပျောက်နေ
စန္ဒာလမင်းရယ် ထွက်လာပါတော့ …
မင်းသာ မသာခဲ့ယင် တောင်ယာလမ်းတွေ အမှောင်ကျမယ်
အချိန်တွေမနှောင်းခင် ထွက်လာပါတော့ …
သာမည့်ညကို မျှော်မှန်းပြီး စောင့်ပါ့မယ်
ထွက်ပါတော့ စန္ဒာလမင်းရယ် … ။
လင်းအရုဏ်ဦးပြီ တောင်ပေါ်သား လူပျိုလေးရယ် …
အချိန်တန်လှပြီ ထလာပါတော့ …
အိပ်ရာ ခုတင်ထက်မှာ အပိုအိပ်မက် ယောင်မနေနဲ့လေ
အချိန်တွေ မနှောင်းခင် ထလာပါတော့ …
ယာခင်းထဲကို ယာခုတ်ဖို့သွားရမယ်
ထပါတော့ သြော် လူပျိုကလေးရယ် … ။
(ကွယ်လွန်သွားခဲ့ပြီးဖြစ်သော ချင်းတိုင်းရင်းသား တေးသံရှငှ်ေူငှေကည ဃနက (၁၉၅၂-၂၀၀၄) ၏ လက်ရာ ကဗျာတစ်ပုဒ်ဖြစ်သည်)
၁၉၈၄-၈၅၊ ချင်းမဂ္ဂဇင်း (တက္ကသိုလ်များ – ရန်ကုန်) နောက်ကျောဖုံးကဗျာ
………………………………………………….
ဆလိုင်းဘုန်းကြည်
ဆလိုင်းနှင့်မိုင်
မိုင်နှင့်ဆလိုင်း၊ ယိုင်းပင်းကူညီ
မြန်ပြည်တိုင်းဘွား၊ သွေးချင်းများပေ
စကားလည်းတူ၊ ရိုးရာတူကြ
တူညီခွန်းချို၊ မေတ္တာပို့ကြ
အရှိုချင်းစု၊ တို့စာတွေ။
ဟော ယနေ့ခေတ်
သက္ကရာဇ် နှစ်ထောင်
အရောင်မခွဲ၊ တသွေးထဲဆင်
အမြင်ချင်းထပ်၊ ရင်ချင်းအပ်လို့
ကောင်းရပ်ဆိုးမွေ၊ တို့တတွေလျှင်
မျှဝေဆင့်လောင်း၊ နှလုံးကောင်းဖြင့်
စုပေါင်းဖြေရှင်းစို့။
ဗုဒ္ဓ၊ ခရစ်
ရောင်စုံဖြစ်လည်း၊ မျိုးချစ်ဇတ်မှန် သိန္ဒိဋ္ဌာန်ဖြင့်၊ ငြာသံဟစ်ေ<ကး
အောင်သံပေး၍ တို့သွေးချင်းတွေ
အမြေမြစ်ကုတ်
ခတ်သုတ်သုတ်လေ
ဖေါ်ထုတ်ကြစို့ ညီစေနော်….။
……………………………………………
လိုင်လုဏ်
ဇလပ်ဖြူနီ၊ ထင်းရှူးရယ်သင်း
သစ်ခွချယ်ရီ၊ ပန်းမျိုးစုံတဲ့
ဘုံကမ္ဘာနန်း၊ ချင်းတို့ဌာနီ
သက်တန့်ရယ်ကွေး၊ ပန်းမျိုးတစ်ရာ
ရှိနေပါလျှက်၊ ဘယ်အတွက်ဝယ်
မိုင်ကမပျော်၊ ဝေးတစ်နေရာဆီ
ထွက်သွားတာလည်း … ။
မတ်စောက်မြင့်မား၊ တောင်ကမ်းပါးက
ဇလပ်နီနီ၊ ခူးပေးဆိုလဲ
ခူးပေးပါ့မယ် …
အလှတွေကုန်၊ ရနံ့တွေပျယ်လို့
တစ်ပြည်တစ်ရွာ၊ အသစ်ရှာဖို့
ပျံသွားခြင်းလား၊ ငှက်ငယ်ရယ်။
နှစ်ဦးရည်တူ၊ ငေးကြည့်စဉ်က
မျှော်လင့်ခြင်းရဲ့၊ တောင်တန်းတွေဟာ
မရေမရာ၊ လွမ်းမြူဆိုင်းလို့
သောက တောင်တန်း၊ ဖြစ်ရပြီပေါ့။
တောင်ယာလမ်းလေး၊ လျှောက်သူကင်းလို့
မြက်တွေနွယ်ရှုပ်၊ လမ်းစပျောက်လဲ
ဆလိုင်းရင်မှာ၊ မိုင်အလာကို
သစ်ရွက်လှုပ်တိုင်း၊ ရှင်းထားပါတယ်
ရိဒ်ရေကန်ဘေး၊ တိုးတိုးတိတ်တိတ်
အသဲအက်ကလေးနဲ့၊ ငှက်ကလေးအလာကို … ။
———————————————
Thlapi (The Moon)
ဒို့ချင်း . . . ဒို့မြေ
တောင်ဇလပ်မြေ
ဝေဆာဖူးပွင့် တောင်ဇလပ်ပန်း
ပျိုမယ်လေးတွေ နဖူးတင်
ကိုယ်စီအလှ ဆင်မြန်းကြ
အရောင်မစုံချင် . . . နေပါစေ
နီနီရဲရဲ တောက်ပတာ
သစ္စာရှိရှိ . . . ဒို့ချင်းပြည်
ပေါ်လွင်ထင်ရှားပြသတာ
စိတ်ရွှင်လန်းစရာ ဖြစ်ရလေရဲ့ . . . ။
ဟိုး . . .
တောင်ကုန်း တောင်ကြား၊ မြစ်ချောင်းငယ်
သံစုံလှိုင်းနဲ့ တေးသွားလေး ၀ိုင်းဖော်ကာ
ဒို့ချင်းပြည်အလှ ဆင်မြန်းနေ။
ခရီးလမ်းက ကြမ်းနေတော့
ကားကလေးစီးရင်း ဖုံတက်ရင်
စိတ်မဆိုးနဲ့လို့ သူငယ်ချင်း
သွားရင်းရောက်မှာ စိတ်နဲ့တင်
ဒေါသ၊ မောဟ၊ ၀န်လေးသမျှ
သဘာဝခေါင်ရည် ဒို့ရိုးရာ
တစ်ကျိုက်သောက်မိရင် ပင်ပန်းသမျှ
တစ်မှေး အိပ်စက်ခွင့် ဖြေသာပြီ^ပြေသာပြီ
ရောင်စုံ သံစုံ ကျေးငှက်တို့
တေးသွားလေးနဲ့ ကြိုဆိုနေမှတော့ ။
ယောင်းရင်း တို့ရယ်လို့ ဆိုရင်း
ဒို့ချင်းပြည်တစ်ခေါက် အလည် ဖိတ်ခေါ်ရင်း
ချင်းပြည်အလှကဗျာ . . . ။
အမည်တွင်နေမယ် . . . ။
…………………………………..
AIDII
အိမ်နီးနားချင်း
ယိုင်းပင်းကူညီ
ချစ်စရာဓလေ့
ဒို့မြို့ဝိုင်းမှာ
ရှုမြင်တိုင်းတွေ့မယ်။ ။
ခေါင်ရည်တစ်ကျိုက်
ပြီးနောက်တစ်ကျိုက်
လစ်မစ်မပိုင်း
စိတ်တွေ့တိုင်း ကျော့ရင်
မှောက်ချင်တိုင်း မှောက်မယ်။ ။
လေနုအေး
တောင်တန်းပြာ
မြူခိုးမှိုင်း
နှင်းရစ်သိုင်း
….
….
ဒါတွေကို …
နှစ်တွေဟိုင်း
ကရာဇ်တွေထိုင်းလည်း
ရက်စဉ်မဆိုင်းလွမ်းတယ်
ဒီမြို့ …
လွမ်းထိုက်တဲ့မြို့
ငါတို့ဖို့။ ။
————————————-
တာန်ပေါင်ရှန်းလျန် (ဆေး – ၂)
တစ်မြေထဲဖွား ညီနောင်များတို့
စထက်များပြား တိုးပွားကြဖို့
တိုးတက်ရာသို့ မြဲရှေးရှုစို့။
တို့အမျိုး တို့အရိုး တို့ကောင်းကျိုးအတွက်
အရိုးကြေကြေ အရေခမ်းစေ
ခြေခိုင်ခိုင် မယိုင်မလဲ
တွဲတဲ့လက်တွေ မြဲမြဲမြံစေ။
လှေခွက်ချည်းကျန် အလံမလှဲ
စွဲမြဲသစ္စာ ခါးမှာပတ်လျှက်
သက်ပင်သေစေ အစေခံစို့။
လှပသာယာ အနာဂတ်မှာ
ညီညာလက်တွဲ မခွဲအတူ
လွန်ကြည်ဖြူလို့
ချင်းလူမျိုးတို့ သွေးစည်းကြစို့။
(၆၀) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဏသျအခမေိ ကဗျာ
———————————————-
သူရိန်ထွန်း
အခုခင်ဗျားရဲ့ မနက်ဖြန်ရော¿
ဒီနေ့လက်ကျန်ရောရှိသေးလား
မနေ့က ဒဿနတွေပြောပါဦး
ဒါမှမဟုတ် ခင်ဗျားရဲ့ လက်ကိုကမ်းနေတာ
နစ်နေပြန်ပြီလား¿
ကျုပ်ဖြစ်နိုင်သလောက်ဆွဲတင်ကြည့်မယ်
ခင်ဗျားမြင်ရရဲ့လား¿
ဒါပေမယ့် ဒီခရီးဒီနားတင်မဟုတ်ဘူး
ပြောချင်တာက
ရင်ဘတ်တစ်ခုဖွင့်ထားပြီး
တစ်ဘ၀လုံး ပိတ်ထားမိကြတယ်။
ဒီစိတ်ကူးကို
အောက်ကလူတွေကိုလည်း ပြောလိုက်ပါလေ
နှလုံးသားဟာ သွေးစွန်းနေတဲ့ လက်သီးဖြစ်ကြောင်း
အတိတ်ကာလ အစစ်အမှန်ကို
အမာရွတ်နဲ့ မှတ်ပုံတင်ရမယ့်အကြောင်း
စိတ်မရှိပါနဲ့
အမှန်တရားဟာ လှံသွားထက်စူးခဲ့ဖူးပြီ။
ကျုပ်နောက်ထပ်မယုံတော့ဘူး မိတ်ဆွေ။
——————————————————-
Salai Sawkhlei
ရွေ့လျားနေတဲ့ သမိုင်းတွေ
ကြားယောင်နေတဲ့ အသံတွေ
အစစ်အမှန်ဘဲ
ဖေဖေါ်ဝါရီ၊ ဖေဖေါ်ဝါရီ
ငါတို့ရင်ထဲက ဖေဖေါ်ဝါရီ
မြင်နေပြီ၊ ကြားနေပြီ
ဇောချွေးတွေ မြိုက်မြိုက်ကျသံတွေ
နယ်ချဲ့ရန်ကို တွန်းလှန်သံတွေ
လဲပြိုသံတွေ ပြန်ထလာနေ
အားမာန်ပြည့် ရုပ်သွင်တွေ
ပြဇာတ်တစ်ပုဒ်လို ကြည့်ခဲ့ရချိန်။
သူတို့ဘာကို ကာကွယ်ခဲ့သလဲ
သူတို့ဘာကို မျှော်လင့်ခဲ့သလဲ
ကဲ… ငါတို့ ဘယ်လို ရှေ့ဆက်ကြမလဲ။
………………………….
Salai Lord Radar
အမိမြေ၊ ဒို့ပိုင်မြေမှာ
ခိုနားတုန်းခိုက်၊ ငယ်ချင်းပေါင်းနဲ့
တောင်ပြာတန်းပေါ်၊ ပူပင်ကင်းမဲ့
လက်ချင်းတွဲ၍ တက်ဆင်းကခုန်
သီချင်းပေါင်းစုံ သီကျူးခဲ့ချိန်
သတိရတယ် … သူငယ်ချင်း … ၊
အမိချင်းမြေ၊ ဒို့ပိုင်မြေမှာ
ခိုနားတုန်းခိုက်၊ ငယ်ချင်းပေါင်းနဲ့
နှစ်ပေလမ်းပေါ်၊ ပလိုင်းကိုထမ်း
ချောင်းစီးသံချို၊ ငှက်သံစုံတို့
နားရင်းစဉ်ရင်း ရွှင်ပြုံးကြည်နူး
ပျော်ခဲ့တဲ့ချိန် … သတိရတယ်
သူငယ်ချင်း … ၊
ဒီမြေဖွားလို့၊ ဒီသီးတွေစား
ဒီရေသောက်ပြီး အားပြည့်မာန်နဲ့
ရှေ့နောက် တောင်မြောက်
ခြေရာဖြန့်လို့ ကမ္ဘာပတ်သည့်တိုင်
အမိချင်းမြေ ဒို့ပိုင်မြေကို
စက္ကန့်လေးတောင် မမေ့မပျောက်
သတိရတယ် … သူငယ်ချင်း … ၊
အမိချင်းမြေ၊ ဒို့ပိုင်မြေကို
သတိရကြောင်း စာတွေဖွဲ့လည်း
ဒို့ချင်းမျိုးရဲ့ သုခဘုံမို့၊ နှိုင်းလို့မရ
သြော် … သတိရတယ်
အားလုံးကို … သူငယ်ချင်း … ။
တစ်မနက် ချင်းကျောင်းသားများ ကျွန်တော်ထံ လာကြ သည်။ တက္ကသိုလ်ကျောင်းသားများဖြစ်ကြောင်း သိရသည်။ သူတို့မဂ္ဂဇင်းအတွက် ဖြစ်သည်။ သူတို့နှင့်အတူ ယခင်နှစ်က ထုတ်ဝေ ခဲ့သော ချင်းမဂ္ဂဇင်းအဟောင်းများပါလာ၍ ကျွန်တော်ဖတ်ရန် လက်ဆောင်ပေးသည်။
ကျွန်တော်သည် မဂ္ဂဇင်းများကို လှန်လှောကြည့်မိ သည်။ မဂ္ဂဇင်းတစ်ခု၏ အဖုံးတွင် နံရံကပ်ကျောက်စီပန်းချီဟန်ဖြင့် အောက်ချင်းငှက်ပုံကို ဖော်ထားသည်ကို တွေ့ရသည်။
“ဒါ ကျွန်တော်တို့ရဲ့ သင်္ကေတပါ” ဟု ကျောင်းသား တစ်ယောက်က ရှင်းပြသည်။ လူမျိုးအသီးသီးတွင် အမျိုးသား သင်္ကေတများရှိတတ်ကြသည်ကို သတိရမိသည်။ အင်္ဂလိပ်လူမျိုးက ခြင်္သေ့၊ ရုရှားလူမျိုးက လင်းယုန်၊ လောလူမျိုးက ဆင်၊ ဗမာလူမျိုးက ဒေါင်း၊ မွန်လူမျိုးက ဟင်္သာ၊ ရှမ်းလူမျိုးက ကျားစသည်ဖြင့် လူမျိုး အသီးသီးတွင် အမျိုးသားအမှတ်အသားများ ရှိကြသည်။
ချင်းအမျိုးသားများကလည်း အောက်ချင်းငှက်ကို သူတို့၏ အမျိုးသားအမှတ်အသားအဖြစ် သဘောထားသည်ကို တွေ့ရသည်။ လွတ်လပ်သောလူမျိုးများ နိုင်ငံတော်ဖွဲ့စည်း တည်ထောင်ကြသောအခါ မိမိတို့၏ အမျိုးသား နိုင်ငံတော်တံဆိပ် များ ရွေးသောအခါ အမျိုးသားအမှတ်အသားရုပ်ပုံများကို ထည့်သွင်းတတ်ကြသည်။ အမျိုးသားနိုင်ငံတော်တစ်ခုတွင် အမျိုးသား အလံ၊ အမျိုးသားတံဆိပ် စသည်တို့ရှိစမြဲဖြစ်ပေသည်။ ကျွန်တော်ကသူတို့အား ချင်းလူမျိုးများအကြောင်း မေးမြန်းယင်း မျက်နှာဖုံးမှ အောက်ချင်းငှက်ကလေးကို ကြည့်လိုက် သည်။
သူတို့နှင့် စာပေ၊ ယဉ်ကျေးမှုအကြောင်းများ ပြောယင်းက ချင်းပြည်အကြောင်းရောက်ကာ ပြည်ထောင်စု၏ အဓိပ္ပါယ်အကြောင်း ပြောဖြစ်ကြသည်။ ကျွန်တော်က ကျွန်တော် နားလည်သိရှိသော ပြည်ထောင်စုသဘောတရားအကြောင်းကို ပြောပြမိသည်။
ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင်များ ညီညွတ်စည်းလုံးစွာ စုစည်းထားခြင်းဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်ဘာသာဖြင့် ဓ့ညငသညဓ ၊ ပြည်ထောင်ဆိုသည်မှာ တိုင်းပြည်၊ သို့မဟုတ် ပြည်စသည်ဖြင့် ယေဘုယျအားဖြင့် ခေါ်ဝေါ် သုံးနှုန်းကြသည်။ အခေါ်အဝေါ်အသုံးအနှုန်းဆိုသည်မှာ အချိန်အခါ အခြေအနေအရ ခေါ်ဝေါ်သုံးနှုန်းကြခြင်း ဖြစ်သည်။ အရေးကြီး သည်မှာ အဓိပ္ပါယ်ဝေါဟာရစကားလုံး၏ အဓိပ္ပါယ်။ အဓိပ္ပါယ်က ဖော်ပြထားသည့်အတိုင်း လက်တွေ့ကျင့်သုံးရမည်ဖြစ်သည်။ ယင်းသို့ လက်တွေ့ကျင့်သုံးမှသာလျှင် အဓိပ္ပါယ်ရှိသည်ဟု ဆိုနိုင်ပေသည်။
ယင်းသို့ ပြည်ထောင်၊ တိုင်းပြည်၊ ပြည်ဟူသော စကားလုံးများမှာ အရပ်သုံးယေဘုယျ အသုံးဖြစ်သည်။ သို့သော်…
အတိအကျ အဓိပ္ပါယ်သတ်မှတ်ထားခြင်း မရှိပေ။ လွတ်လပ်သော ပြည်လား၊ မလွတ်လပ်သေးသော ပြည်လား၊ ကွဲပြားခြင်း မရှိပေ။ အဓိပ္ပါယ်ဖော်ပြမှု ရှင်းလင်းပြတ်သားခြင်းမရှိဟု ဆိုနိုင်သည်။ နိုင်ငံရေးသိပံ္ပပညာ ထွန်းကားလာသောခေတ် ရောက်လာသောအခါ နိုင်ငံရေးအတွေ့အကြုံများ ရင့်သန်လာသော အခါ နိုင်ငံတော်ဟု ခေါ်ဝေါ်သုံးနှုံး လာကြသည်။ အင်္ဂလိပ်ဘာသာ ဓှအအေနဓ ဟူသော ဝေါဟာရ အဓိပ္ပါယ်ယူထားခြင်းဖြစ်သည်။ နိုင်ငံတော်ဟူသည်မှာ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်မှုရှိ သောနိုင်ငံဟု အဓိပ္ပါယ်ရသည်။ လွတ်လပ်သောလူမျိုးဟူသည် နိုင်ငံတော်ရှိရပေမည်။
မူလက နိုင်ငံတော်သည် ပြည်သူလူအများ၏ ကောင်းကျိုးချမ်းသာရေး၊ အေးချမ်းသာယာရေးအတွက် ပေါ်လာရခြင်း ဖြစ်သည်။ ထို့နောက် စီးပွားရေးစနစ်များအရ နိုင်ငံတော်၏သဘာဝများ ပြောင်းလဲသွားသည်။ မြေရှင်ပဒေသရာဇ် နိုင်ငံတော်၊ ဓနရှင်နိုင်ငံတော်စသည်ဖြင့် ဖြစ်ပေါ်လာခဲ့ကြသည်။ ထိုအခါ မြေရှင်ပဒေသရာဇ်လူတန်းစား ၊ အရင်းရှင်လူတန်းစား စသည်တို့က နိုင်ငံတော်အာဏာရရှိကာ ပြည်သူများကို စိုးမိုးချယ် လှယ်နိုင်သည်။ ဆိုရှယ်လစ်နိုင်ငံတော်တွင်ကား အလုပ်သမား၊ လယ်သမားစသော ပြည်သူလူထုအများက နိုင်ငံတော်အာဏာ (၀ါ) နိုင်ငံရေးအာဏာရရှိသည်ဖြစ်၍ ပြည်သူလူအများက ရွေးချယ်တင် မြှောက်သော နိုင်ငံတော်အဖွဲ့အစည်းကို သမ္မတနိုင်ငံတော်ဟု ခေါ်ကြသည်။ ပြည်သူများက မဲဆန္ဒဖြင့် ရွေးကောက် တင်မြှောက် သော ကိုယ်စားလှယ်များအုပ်ချုပ်သော နိုင်ငံတော်သည် သမ္မတ နိုင်ငံတော်ဖြစ်သည်။ ယင်းတို့သည်ကား နိုင်ငံတော်သဘောတရား ဖြစ်သည်။
ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင် (အမျိုးသား နိုင်ငံတော်)များ ညီညွတ်စည်းလုံးစွာ ကြီးငယ်မဟူတန်းတူ အခြေခံဖြင့် ဖွဲ့စည်းထားသော စုပေါင်းနိုင်ငံတော်စနစ်ဖြစ်သည်။ ယင်းသို့ ကျွန်တော်နားလည်ထားသည်။ နိုင်ငံရေးပညာရပ်ဆိုင်ရာ စာအုပ်များ ဖတ်ကာ ယင်းသို့ နားလည်ထားခြင်းဖြစ်သည်။
ကျွန်တော်သည် လွန်ခဲ့သောအနှစ် (၃၀) ခန့်က ဆိုဗီယက်ပြည်ထောင်စုသို့ အလည်ရောက်သွားခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စုဟူသည်မှာ အတိုကောက်ခေါ်သော အမည်ဖြစ် ပါသည်။ နာမည်အပြည့်အစုံမှာ ဆိုဗီယက်ဆိုရှယ်လစ်သမ္မတ နိုင်ငံတော်များ၏ ပြည်ထောင်စုဟူ၍ ဖြစ်သည်။
ကျွန်တော် ဆိုဗီယက်ပြည်ထောင်စုသို့ သွားရောက် လည်ပတ်သည့်အချိန်မှာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးကျေညာ ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူ၍ဖြစ်ထွန်းပြီးစ (၅) နှစ်ကြာဖြစ်သည်။ ဆိုရှယ်လစ်ပြည်ထောင်စုနိုင်ငံဖြစ်၍ စိတ်ဝင်စား မိသည်။ ကျွန်တော်တို့ငယ်စဉ် ကျောင်းသားဘ၀ အသက် (၁၈) နှစ်ခန့်ကတည်းက ဆိုရှယ်လစ်ဝါဒ သဘောတရားစာအုပ်များကို ဖတ်ရှုလေ့လာခဲ့သည် မဟုတ်ပါလား။
ကျွန်တော်သည် ဆိုဗီယက်သို့ မသွားခင်က သူတို့၏ အခြေခံဖွဲ့စည်းပုံဥပဒေစာအုပ်ကို ဖတ်သည်။ လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဟူသော ဆိုရှယ်လစ်သဘောတရားကို ဆိုရှယ်လစ်ပြည်ထောင်စု နိုင်ငံတော်စနစ်ဖြင့် ရုပ်လုံးဖော်ခြင်းတရပ်ဟု စဉ်းစားမိသည်။ ယင်းသို့ နားလည်လိုက်သည်။
မော်စကို ရောက်သောအခါ အိမ်ရှင်များက မည်သည့် နေရာများသို့ လည်ပတ်လိုသလဲဟု မေးကြသည်။ ကျွန်တော်က ဆိုဗီယက်ပြည်ထောင်ထဲတွင် လူဦးရေအများဆုံး (ရုရှားမှလွဲ၍) နှင့် အနည်းဆုံးသောပြည်သို့ ကြည့်ရှုလိုကြောင်း ပြောလိုက်သည်။ ကျွန်တော်က ယူကရိန်းနှင့် ဂျော်ဂျီယာကို ရွေးသည်။ အမည်အပြည့် အစုံများမှာ ယူကရိန်းဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံတော်နှင့် ဂျော်ဂျီယာဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံတော်။
ယူကရိန်းမှာ လူဦးရေ (၄၇) သန်းရှိ၍၊ ဂျော်ဂျီယာမှာ ၁ သန်းခွဲရှိသည်။ ယူကရိန်းသည် ကုလသမဂ္ဂတွင် နိုင်ငံတစ်နိုင်ငံ အဖြစ် ပါဝင်ထားသည်။ ယင်း ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံ ၀င်များတွင် သူ့ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်သူ အသီးသီးရှိကြသည်။ ယင်းအခြေခံဥပဒေအရ လွှတ်တော်၊ သမ္မတ၊ ၀န်ကြီးချုပ်၊ ၀န်ကြီးအဖွဲ့၊ တပ်မတော်၊ အမျိုးသားတံဆိပ်၊ နိုင်ငံတော်အလံ စသည်ဖြင့် နိုင်ငံတော်အဆောင်အယောင်အားလုံး၊ အသီးသီးရှိကြရသည်။ ရုံးသုံးဘာသာစကားမှာလည်း မိမိတို့ဘာသာစကားဖြင့် မိမိတို့ ရှိကြရသည်ကို အခြေခံဥပဒေတွင် ဖော်ပြထားသည်ကို ဖတ်ရသည်။ စာအုပ်ပါအတိုင်း မည်မျှကျင့်သုံးသည်ကိုကား ကျွန်တော်လည်ပတ် သော ရက်ပေါင်း ၄၀ ခန့်နှင့် အတိအကျသိရန် လွယ်မည်မထင်ပါ။ သို့သော် ကျွန်တော်သည် တတ်နိုင်သမျှ အကဲခတ်ခဲ့ပါသည်။ ထိုအခါ က ကျွန်တော်သည် ကိုယ်စားလှယ်အဖွဲ့၏ ကိုယ်စားအခါအားလျော် စွာ အရက်ဖန်ခွက်ဆုတောင်းစကား၊ စင်မြင့်စကားများ ပြောကြား ရသည်။ ယူကရိန်းရောက်သောအခါ စကားပြန် (၂) အဆင့်ဖြင့် ပြောရသည်။ အိမ်ရှင်က ယူကရိန်းဘာသာဖြင့်ပြော သည်။ ယူကရိန်း စကားပြန်က ရုရှားလိုပြန်သည်။ ကျွန်တော်နှင့် အတူပါလာသော ရုရှားစကားပြန်က ကျွန်တော်တို့အား အင်္ဂလိပ် ဘာသာသို့ ပြန်ပေးသည်။ မိမိတို့အမျိုးသားဘာသာစကားကို သုံးသည့်သဘော။ ကျွန်တော်က မိမိပြောရမည့်စကားကို မြန်မာလို ရေးသားထားပြီး အပိုဒ်လိုက် အင်္ဂလိပ်လိုပြန် ပေးထားသည်။ ကျွန်တော်က မြန်မာလိုပြောပြီး စကားပြန်က ရုရှားဘာသာသို့ပြန် သည်။ ပြည်ထောင်စုဝင် နိုင်ငံတော်များအတွင်းတွင် စကားမတူသော လူမျိုးနွယ်စု အများအပြား ရှိနေပြန်သည်။ ယင်းမျိုးနွယ်စုများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်မူ ကျင့်သုံးရပြန်သည်။ ယင်းလူမျိုးနွယ်စု အနေ အထားများအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေး အမျိုးသားဒေသများ ဖွဲ့စည်းပေးရသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး သမ္မတနိုင်ငံတော်များလည်း ရှိကြသည်။
ယင်းတို့သည်ကား ဆိုဗီယက်ပြည်ထောင်စု၏ ဖွဲ့စည်းမှု ပုံသဏ္ဍာန်များ ဖြစ်သည်။
လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်မူကို အခြေခံ၍ မိမိအမျိုးသား အနေအထားကိုလိုက်၍ တီထွင်ဖွဲ့စည်းနိုင်ခွင့်ရှိ သည်ဟု ယူဆသည်။ ဆိုရှယ်လစ်ပြည်ထောင်ဖွဲ့စည်းမှု ပုံသဏ္ဍာန် တစ်ခုကို ဖော်ပြခြင်းမျှသာ ဖြစ်သည်။ လူမျိုးအသီးသီးတွင် မိမိတို့၏ ဘာသာစကား၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ နေထိုင်ရာဒေသအလိုက် မိမိတို့နှင့် အကျိုးစီးပွားကိုက်ညီသော နိုင်ငံတော်ပုံသဏ္ဍာန်ကို ဖန်တီးကြရမည်သာ ဖြစ်သည်။
ကျွန်တော် ချင်းတောင်ကို မရောက်ဘူးပါ။ သို့သော် မြူခိုးများ ဝေမှိုင်းသော၊ တောင်ဇလပ်ပန်းများ ဆင်သသော၊ စိမ်းသော၊ ပြာညို့သောပြည် ဖြစ်မည်ထင်ပါသည်။ တောတောင် ထူထပ်မြင့်မားသဖြင့် မျိုးနွယ်စုများစွာဖြင့် ရောယှက်နေပါလိမ့်မည်။ ချင်းကျောင်းသားများလာသောအခါ အောက်ချင်းငှက် အကြောင်း မေးကြည့်သည်။ အောက်ချင်းငှက်သည် သစ္စာရှိခြင်း၊ ညီညွှတ်စည်းလုံးခြင်း၊ အေးချမ်းခြင်း တေးသံကို သီဆိုကျူးရင့်ပါစေ သတည်း။
_ ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
၁။ “ဆလိုင်း” ရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။
ဖြေ = “ဆလိုင်း” ဆိုတဲ့ ချင်းဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ “ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သားကောင်းယောက်ျား” ပဲ ဖြစ်ပါတယ်။
၂။ “မိုင်” ရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။
ဖြေ = “မိုင်” ဆိုတာကတော့ “သားကောင်း ရတနာများကို မွေးဖွားပေးမည့် မွေးဖွားပေးသော မိန်းမမြတ်” လို့ ချင်းလို အဓိပ္ပါယ် ရပါတယ်။
၃။ “ဆလိုင်း – မိုင်” ဆိုတာ ဘာလဲ။
ဖြေ = “ဆလိုင်း – မိုင်” ဆိုတာကတော့ ဒီနေ့ခေတ် ချင်းလူငယ် မျိုးဆက်သစ်တွေရဲ့ အမည်နာမ အရှေ့မှာ “အမျိုးသားယဉ်ကျေးမှု သစ်” တစ်ရပ်အနေနဲ့ အသုံးပြုလာကြတဲ့ “အမျိုးသားသင်္ကေတ” တစ်ရပ်ပဲ ဖြစ်ပါတယ်။ ချင်းလူငယ် ယောက်ျားများရဲ့ အမည်နာမ ရှေ့မှာ “ဆလိုင်း”၊ ချင်းလူငယ် အမျိုးသမီးရဲ့ အမည်နာမအရှေ့မှာ “မိုင်” ရယ်လို့ “ချင်း” အမျိုးသား/အမျိုးသမီး အမှတ်သင်္ကေတအဖြစ် သုံးစွဲကြခြင်း ဖြစ်ပါသည်။
၎။ “ဆလိုင်းနဲ့ မိုင်” ကို ချင်းလူငယ်တွေရဲ့ အမည်နာမအရှေ့မှာ အသုံးပြုလာကြခြင်းအားဖြင့် ဘယ်လို ထူးခြားမှုရှိပါသလဲ။
ဖြေ = ယနေ့ချင်းလူငယ်မျိုးဆက်သစ်တွေဟာ “ဆလိုင်းနဲ့ မိုင်” ကို အသုံးပြုကြခြင်းအားဖြင့် ကျယ်ဝန်းလှတဲ့ ဒေသအသီးသီးမှာ ပြန့်နှံ့နေထိုင်ကြပြီး၊ အမည်မှည့်ခေါ်ပုံနဲ့ ဘာသာစကား သုံးနှုန်းမှုခြင်း မြောက်မြားစွာ ကွဲပြားနေခဲ့ကြတဲ့ ချင်းမိသားစုဝင် တစ်ဦးနဲ့တစ်ဦး “တစ်မိသားစုဝင်တည်းဖြစ်ကြောင်း” အလွယ်တကူ သိရှိနိုင်ကြပါတယ်။
ယခင်ကဆိုယင် ချင်းအမျိုးသားရဲ့ အမည်မှည့်ခေါ်ပုံ ကွဲပြားခြားနားမှု၊ ဘာသာ စကားကွဲပြားမှု၊ နေရာဒေသ ကွဲပြားမှုတွေ ကြောင့်၊ မိမိတို့ရဲ့ အမျိုးသားအချင်းချင်း မသိရှိခဲ့ကြတဲ့အဖြစ်တွေ မကြာခဏကြုံတွေ့ခဲ့ရပါတယ်။
ဆလိုင်း-မိုင်ဆိုတာ ချင်းမျိုးဆက်သစ်တွေရဲ့ အမည်ရှေ့မှာ “ယဉ်ကျေးမှု” အသစ်အနေနဲ့ အသုံးပြုလာတဲ့ အမျိုးသား သင်္ကေတတစ်ခု ဖြစ်တယ်။
ချင်းလူမျိုးတိုင်း ဆလိုင်း-မိုင်ကို လေးလေးနက်နက် သုံးစွဲလာကြတဲ့အချိန်မှာတော့ အားကစားလောက၊ ဂီတလောက၊ အနုပညာနယ်ပယ်၊ ကျောင်းသားလောက၊ ၀န်ထမ်းလောက အစရှိတဲ့ အသိုင်းအ၀ိုင်း အသီးသီးမှာ တစ်ဦးနဲ့တစ်ဦး အမျိုးသားချင်း အလွယ်တကူ သိရှိနိုင်ကြပြီး အားပေးစရာ၊ ဂုဏ်ယူစရာ၊ ယိုင်းပင်းစရာ ရှိရင်လည်း တစ်ဦးနဲ့တစ်ဦး ပိုမိုလွယ်ကူစွာ သိရှိနီးစပ်ခွင့်ကို ရရှိနိုင်ကြပါတယ်။
၅။ “ဆလိုင်းနဲ့ မိုင်” ကို သုံးစွဲခြင်းအားခြင့်၊ ချင်းလူငယ်တွေရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ကျူးတယ်လို့ ဆိုနိုင်ပါသလား။
ဖြေ = ဟုတ်ပါတယ်၊ ဒေသအသီးသီးမှာ ကွဲကွဲပြားပြား နေထိုင်ကြ ရတဲ့ ချင်းမိသားစုဝင်တွေကို “ဆလိုင်း-မိုင်” ဝေါဟာရ ၂ ခုက စုစည်း ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီဝေါဟာရ ၂ ခုကို သုံးစွဲရုံနဲ့ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးကို မရရှိနိုင်သေးပါဘူး။
“ဆလိုင်း-မိုင်” ကို ဒီနေ့ချင်းလူငယ်တွေ အသုံးပြုလာ ခြင်းဟာ ချင်းလူငယ်တွေအတွက် ဘုံဝေါဟာရအသုံးအဆောင် တစ်ရပ်ကို ပိုင်ဆိုင်လာတဲ့ “ပထမ” အဆင့်မှာပဲ ရှိပါတယ်။ တနည်း အားဖြင့် “ဆလိုင်း-မိုင်” ဆိုတာ (UNIFORM) (တသမတ်တည်း ဖြစ်ပေါ်မှု) ဒါမှမဟုတ် (UNIFORMITY) (တသမတ်တည်းဖြစ် ခြင်း တဆင်တည်းတူညီခြင်း) ဆိုတဲ့ တဆင့်မှသာ ရှိပါတယ်။ ဒီပထမအဆင့်မှာ ချင်းလူငယ်တွေ အနေနဲ့ (UNIFORMITY) အဆင့်ကို ရယူပိုင်ဆိုင်ပြီးတဲ့အပြင်၊ ဒုတိယအဆင့်ဖြစ်တဲ့ “ဆလိုင်းမိုင် စိတ်ဓာတ်” ကို ပိုင်ဆိုင်ရယူနိုင်ကြမှ သာလျှင် တကယ်နက်ရှိုင်းတဲ့ စည်းလုံးညီညွတ်ရေး (UNITY) ကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။
၆။ “ဆလိုင်း-မိုင် စိတ်ဓာတ်” ဆိုတာဘာလဲ။
ဖြေ = ဒီမေးခွန်းကို ရှင်းရှင်းလင်းလင်း ဖြေဆိုနိုင်ဖို့အတွက် “ဒေသစွဲ မျိုးနွယ်စွဲ စိတ်ဓာတ်” ဆိုတာတွေ အရင်ရှင်းရပါလိမ့်မယ်။ ဒေသစွဲ စိတ်ဓာတ်ဆိုတာ မိမိရဲ့နေထိုင်ရာ မိမိမျိုးနွယ်တို့ရဲ့ ကျက်စား ရာဒေသ သေးသေးနုပ်နုပ်ကိုသာ မြင်ပြီး မိမိရဲ့ဒေသ ကောင်းစား ရေးတစ်ခုထဲကိုသာ ပဓာနထားအာရုံစူးစိုက်တဲ့ စိတ်ဓာတ်ဖြစ်ပါ တယ်။ တနည်းဆိုရရင် တစ်စုတစ်ဝေးတည်းဆိုတဲ့ ချင်းတစ်မျိုးသားလုံးရဲ့ မိသားစုအမြင်တွေကို မဆုပ်ကိုင်ပဲ မေ့လျော့ဖယ်ရှားထားပြီး၊ ချင်းမိသားစုဝင်တွေရဲ့တိုးတက်မှု၊ စည်းလုံးမှုကို မိုက်မိုက်မဲမဲ ဟန့်တားနေတဲ့သမိုင်းရဲ့ ဆိုးမွေအမြင်ဟောင်းပဲ ဖြစ်ပါတယ်။
ဒီဒေသစွဲ/မျိုးနွယ်စွဲ စိတ်ဓာတ်ဟာ “ဆလိုင်းမိုင် စိတ်ဓာတ်” ဆိုတဲ့ ချင်းမိသားစုဝင် စိတ်ဓာတ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း လုံးလုံးလျားလျား ကွဲပြားဆန့်ကျင်နေပါတယ်။ ဒီမတူညီတဲ့အမြင် (စိတ်ဓာတ်) နှစ်ခုဟာ တစ်ခုက စိတ်ဓာတ်ရေးရာ၊ အတွေးအခေါ်ရေးရာဆုတ်မှုကို ပြညွှန်းနေပြီး၊ တစ်ခုက စိတ်ဓာတ် ရေးရာ အတွေးအခေါ်ရေးရာ တိုးတက်မှုကို ဖော်ကျူးနေပါတယ်။ ဆလိုင်းမိုင်စိတ်ဓာတ်ဟာ ချင်းမိသားစုဝင်အားလုံးရဲ့ တိုးတက်ဖွံ့ဖြိုးမှု၊ စည်းလုံးညီညွှတ်မှုကိုလိုလားတဲ့ “တိုးတက်တဲ့” စိတ်ဓာတ်ပဲဖြစ် ပါသည်။
ဆလိုင်းမိုင်စိတ်ဓာတ်ဟာ ခေတ်ဟောင်းကိုချန်ထားပြီး ခေတ်သစ်ကို တောင်းဆိုဦးတည်ပြုနေတဲ့ စိတ်ဓာတ်သာ ဖြစ်ပါတယ်။
၇။ ဆလိုင်းမိုင် စိတ်ဓာတ်ဟာ ချင်း သမိုင်းရဲ့တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာတယ်လို့ အခိုင်အမာ ပြောလို့ရပါသလား။
ဖြေ = ရပါတယ်။ ပဝေသဏီ ရှေးချင်းဘိုးဘေးတွေခေတ်မှာ ပိုင်ဆိုင်လာခဲ့တဲ့ “တစ်မိ တစ်ဝမ်း စိတ်ဓာတ်တွေ”၊ ဘာသာစကား တစ်ခုတည်းကိုသာ ပြောဆိုသုံးနှုန်းခဲ့တဲ့ လှပမွန်မြတ်တဲ့ အတိတ်ခေတ်တွေဟာ – တောတောင်ရေမြေ ပထ၀ီအနေအထားနဲ့ ပတ်ဝန်းကျင် ပရောဂ အသီးသီးကြောင့်၊ မိသားစု အစည်းပြေခဲ့ပြီး ဘာသာစကားမှအစ စိတ်ဓာတ်၊ အမြင်ရေးရာ တွေမှာလည်း တစ်မျိုးတစ်ဘာသာ တရွာတပုတ်ဆန်းခဲ့ကြပါတယ်။
အရင်ကပိုင်ဆိုင်ခဲ့တဲ့ “တစ်မိတစ်ဝမ်း စိတ်ဓာတ်” တွေ ပျောက်သုဉ်းပြီးတဲ့ ခေတ်ကာလဟာ အကျည်းတန်ဆိုးဝါးပြီး ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ရပ်ကို ချင်းမိသားစုဝင်တွေ ဖြတ်သန်း ခဲ့ကြရတာပါ။
ချင်းလူ့သမိုင်း တစ်လျှောက်မှာ ပြန်လည်စုစည်းဖို့ အတွက် သူ့ခေတ်သူ့အခါ သူ့အခြေအနေအရ အမျိုးမျိုးကြိုးပမ်းခဲ့ကြ ပါတယ်။ ပဝေသဏီက ပိုင်ဆိုင်ခဲ့တဲ့ မိသားစုစိတ်ဓာတ်ကောင်း တွေကို ပြန်လည်ဖော်ထုတ်ဖို့ သမိုင်းတစ်လျှောက်မှာ “လိုအပ်” နေခဲ့ပါ တယ်။
ဒီ “လိုအပ်မှု” သည်ပင်လျှင် သမိုင်းရဲ့တောင်းဆိုမှု ဖြစ်တယ်လို့ အခိုင်အမာ ဆိုနိုင်ပါတယ်။ ဒီသမိုင်းရဲ့ တောင်းဆိုမှုကို ဖြည့်စည်းနိုင်ရေးအတွက် ဒီကနေ့ “ဆလိုင်း-မိုင်” လူငယ်မျိုးဆက်တွေက “ဆလိုင်းမိုင်စိတ်ဓာတ်” ဆိုတဲ့ ချင်းမိသားစုဝင် စိတ်ဓာတ်ကို ပြန်လည်ပြုစုပျိုးထောင်နေတာဖြစ်ပါတယ်။ “ဆလိုင်း-မိုင် စာပေ” တွေဟာ လွဲပျက်သုဉ်းခဲ့တဲ့ မိသားစုစိတ်ဓာတ်တွေ ပြန်လည်ရှင်သန် ကြီးထားဖို့အတွက် သမိုင်းရဲ့တောင်းဆိုမှုအရ ပေါ်ထွန်းလာရပါတယ်။
၈။ “ဆလိုင်းမိုင်စာပေ” ဆိုတာဘာလဲ။
ဖြေ = “ဆလိုင်း-မိုင်စာပေ” ဆိုတာကတော့ ချင်းမိသားစုစိတ်ဓာတ် ပြန်လည်ရှင်သန်ရေးအတွက် အတွေးအမြင်သစ်တွေကို ဖေါ်ထုတ်တဲ့ စာပေဖြစ်ပါတယ်။ မည်သည့် ဘာသာစကား (ချင်း၊ မြန်မာ၊ အင်္ဂလိပ်…) နဲ့ပဲ ရေးသည်ဖြစ်စေ “ချင်းမိသားစုဝင်တွေ ပြန်လည်စုစည်းရေး၊ “ချင်းမိသားစုစိတ်ဓာတ်” ရှင်သန်ကြီးထွားရေး အတွက် ရေးသား၊ လှုံ့ဆော်၊ တိုက်တွန်းတဲ့-ဆောင်ပါး၊ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ စာညွှန့်စတဲ့စာပေအားလုံးကို ခြုံငုံပြီး “ဆလိုင်းမိုင်စာပေ” လို့ တင်စား ခေါ်ဝေါ်ကြတာဖြစ်တယ်။
၉။ “ဆလိုင်း” နဲ့ “မိုင်” ဝေါဟာရဟာ မည်သည့် ချင်းအမျိုး နွယ်တို့ရဲ့ ဘာသာစကားဖြစ်ပါသလဲ။
ဖြေ = မြေပြန့်ဒေသနေ အရှိုချင်း ညီအစ်ကိုတို့ရဲ့ ဝေါဟာရပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ် (ဆလိုင်းမိုင်ခေတ်) အနေနဲ့ပြောမယ် ဆိုရင် “ဆလိုင်းမိုင်” ဆိုတဲ့ဝေါဟာရဟာ ချင်းမိသားစုဝင်အားလုံး ပိုင်ဆိုင်တဲ့ ဝေါဟာရပဲဖြစ်ပါတယ်။
ဒီဝေါဟာရကို တောင်ပေါ် – မြေပြန့် – တောင်ပိုင်း မြောက်ပိုင်း နေရာအနှံ့ အသုံးပြုလာကြတဲ့ အချိန်ကစပြီး၊ ဒီဝေါဟာရ ကို ချင်းမိသားစုဝင်အားလုံးရဲ့ ဘုံပိုင်ဝေါဟာရအဖြစ် သိမ်းကြုံးလိုက် တယ်လို့ ဆိုရပါလိမ့်မယ်။
ဒီနေ့ဆလိုင်းမိုင် လူငယ်တွေဟာ “ဆလိုင်းမိုင်” အတွေးအခေါ်ကို စွဲကိုင်ကြပြီး မြေပြန့်ရယ်၊ တောင်ပေါ်ရယ်၊ တောင်ပိုင်းရယ်၊ မြောက်ပိုင်းရယ်-ဟိုဖက်ဒီဖက်ကစ ခွဲခြားတဲ့ စိတ်ဓာတ် (ဒေသစိတ်ဓာတ်)ကို တစ်စတစ်စ ဖယ်ရှားလာ ကြပြီး ဖြစ်တဲ့အပြင်၊ သမိုင်းက တောင်းဆိုနေတဲ့ ဘုံဘာသာစကား (ဘုံစကား)ကိုလည်း အမြင်သစ်တွေနဲ့ ချဉ်းကပ် ရှာဖွေနေကြပါပြီ။
၁၀။ “ဆလိုင်းမိုင်စိတ်ဓာတ်” ရဲ့အရင်းအမြစ်ဟာဘာလဲ။
ဖြေ = ချင်းလူ့အဖွဲ့အစည်းမှာ ဘာသာ မျိုးကွဲပေါင်းမြောက်မြားစွာ ရှိတဲ့အလျှောက် ၁၉၆၅ ခုနှစ်ပတ်ဝန်းကျင်မှာ တောင်ပေါ်ချင်းဒေသ တွေ အလိုက်မိမိတို့ရဲ့ ဘာသာစကားအရ ကျား/မ အမည်ရှေ့မှာ သင်္ကေတမျိုးကွဲတွေ အမျိုးမျိုးပေါ်ပေါက်ခဲ့ပါတယ်။
(Taang-Lia, Pa-Nu, Val-Leng) … စသည်ဖြင့် ဒေသအလိုက် အကွဲကွဲအပြားပြား စတင်အသုံးပြုလာ ကြသည်။ ၁၀ နှစ်ခန့်ဖြတ်သန်းခဲ့ပြီး ၁၉၇၃ ခု နှစ် ရန်ကုန်တက္ကသိုလ် ခ-စ-ယ အစည်းအဝေးတစ်ခုမှာ ဒီလိုမျိုးကွဲ သင်္ကေတတွေကို အသုံးပြုမဲ့အစား အားလုံးဘုံအဖြစ်အသုံးပြုနိုင်မဲ့၊ “အသုံးပြုသင့်တဲ့” ကျား/မ သင်္ကေတတစ်ခုခုကို သတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြတယ်…။
အဲ့ဒီအစည်းအဝေးမှာ (Salai-Mai) သာလျှင် ချင်းလူငယ်တွေရဲ့ “ဘုံ” ပိုင်ဆိုင်မှု ဝေါဟာရ သင်္ကေတဖြစ်သင့်တယ် ဆိုတာကို အများစုက လက်ခံခဲ့ကြပါတယ်။ ၁၉၇၄-ခုနှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲမှာ စတင်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် တရားဝင်မကြေငြာနိုင်ခဲ့ပါဘူး။ ၁၉၇၇ -ခုနှစ် ခစယ အစည်းအဝေး ဆုံးဖြတ်ချက်မှာမှ ပီပီပြင်ပြင် ဖြစ်လာပြီး ကြေးမုံသတင်းစာမှာ သတင်းတစ်ခုအဖြစ် တိတိကျကျ ပီပီပြင်ပြင် ဖြစ်လာခဲ့ပါတယ်။
အရင်က (Taang-Lia, Pa-Nu, Val-Leng) … စသည်ဖြင့် ဒေသအလိုက် သုံးစွဲကြတဲ့ “ဒေသသုံး” သင်္ကေတ ဝေါဟာရတွေကို “စွန့်လွှတ်ပြီး (Salai-Mai) ကို တခဲနက် ထောက်ခံအသုံးပြုလာကြပါတယ်။
မိမိတို့ရဲ့ ဒေသသုံး သင်္ကေတတွေ၊ မိမိတို့အသီးသီးရဲ့ ဒေသစွဲနှစ်သက်မှုတွေကို စွန့်လွှတ်ပြီး “ဘုံစိတ်ဓာတ်” စခန်းကို ရောက်လာနိုင်ကြတာမို့ ဒေသစွဲသမိုင်းအမွေဟောင်းတွေကို ပြတ်ပြတ်သားသား တွန်းလှန်စွန့်လှူနိုင်တဲ့ “ဆလိုင်း မိုင်စိတ်ဓာတ်” ကို ပိုင်ဆိုင်စွဲကိုင်နိုင်လာကြတာဖြစ်တယ်။
ဒီလို ဒေသစွဲကြိုက်နှစ်သက်မှု၊ ရွေးချယ်မှုတွေကို စွန့်လွှတ်နိုင်တဲ့ “စိတ်ဓာတ်သစ်”ကို အစွဲပြုပြီး၊ ဒီလိုစိတ်ဓာတ်မျိုးကို ဒီနေ့ချင်း လူငယ်မျိုးဆက်သစ်တွေက “ဆလိုင်းမိုင်စိတ်ဓာတ်” လို့ တင်စားခေါ်ဝေါ်သမုတ် လိုက်တာပါပဲ။
တနည်းအားဖြင့် ချင်းလူငယ်မျိုးဆက်သစ်တွေဟာ ချင်းလူ့သမိုင်းမှာ ကဏ္ဍသစ်တရပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ချင်းလူ့ အဖွဲ့အစည်းရဲ့ (Renaissance) “ဥာဏ်သစ်လောင်း” ခေတ်တစ်ခု အစချီခဲ့တာပါပဲ။
၁၁။ “ဆလိုင်းမိုင်စိတ်ဓာတ်” ပေါ်ထွန်းလာတာကို ချင်းလူ့အဖွဲ့အစည်းရဲ့ (Renaissance) လို့ အမှန်တကယ် ခိုင်ခိုင်မာမာ သတ်မှတ်လို့ရသလား။
ဖြေ = ဒီလိုပဲ အခိုင်အမာ သတ်မှတ်နိုင်ပါတယ် (Renaissance) ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကိုက (Rebirth) ပြန်လည်မွေးဖွားခြင်း ဖြစ်ပါတယ်။
ဆလိုင်းမိုင်စိတ်ဓာတ်ဆိုတာ ရှေးချင်းဘိုးဘေးခေတ် မိသားစုစိတ်ဓာတ်၊ တခုတည်းသောစိတ်ဓာတ်၊ တစ်မျိုးတည်းသော ဘာသာစကား ထွန်းကားခဲ့တဲ့ သမိုင်းခေတ်ဦးကာလ၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးခေတ်မှာရှိခဲ့ပြီးသား ပိုင်ခဲ့ပြီးသား “ဘုံစိတ်ဓာတ်၊ ဘုံဘာသာစကား” ဆိုတာတွေ ပြန်လည်မွေးဖွား ရှင်သန်လာတာပဲ ဖြစ်ပါတယ်။
ဒီစိတ်ဓာတ်ဟာ အသစ်တွေ့ရှိချက်၊ အသစ်တီထွင်မှု မဟုတ်ဘူး၊ မတော်တဆ ပေါ်ပေါက်လာတဲ့ ကိစ္စလဲ မဟုတ်ပါဘူး။
အိပ်မက်ယောင်ပြီး ထအော်တာလဲ မဟုတ်ပါဘူး။ ရှေးချင်းဘိုးဘေးတွေရဲ့ တစ်မိတစ်ဝမ်းတည်း “မိသားစုစိတ်ဓာတ်” ပြန်လည်မွေဖွားခြင်း (Rebirth, Renaissance) ဥာဏ်သစ် လောင်းခြင်းပဲ ဖြစ်ပါတယ်။
ရှေးချင်းဘိုးဘေးတွေ ပိုင်ဆိုင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ အခြေခံအားဖြင့် ဘာမှကွာခြားမှုမရှိပါဘူး၊ တစ်ခုပဲခြားနား၊ ထူးခြားတာ ရှိပါတယ်။ ဒီစိတ်ဓာတ်ကို “ဆလိုင်းမိုင် စိတ်ဓာတ်” ရယ်လို့ တင်စားပြီး ဝေါဟာရတခုအားဖြင့် သတ်မှတ် သမုတ်ခေါ်ဝေါ်ခဲ့ကြတဲ့ အချက်တစ်ခု၊
ဘုံစိတ်ဆိုတာ လူမျိုးတိုင်းမှာ ကိုယ်စီရှိတဲ့သဘာဝ ပိုင်ဆိုင်မှုဖြစ်တဲ့အလျှောက်
“အသင်းအဖွဲ့ကမဟုတ်။
ဦးဆောင်သူရယ်လို့လဲမလိုမရှိ။
ဖွဲ့စည်းခြင်းလဲမမည်” တဲ့ ခေတ်သမိုင်းရဲ့ မွေးထုတ်ပေးတဲ့ အရာကိစ္စ(ရိုးရိုးစင်းစင်း) တစ်ခုပဲ ဖြစ်ပါတယ်။
၁၂။ “ဆလိုင်းမိုင်” ဆိုတာ အစအဦးက မြေပြင်နေ “အရှိုချင်းအနွယ်ဝင်” တို့ရဲ့ ဝေါဟာရဖြစ်ပြီး၊ အခုခေတ်မှာတော့ ချင်းအမျိုးသားအားလုံးပိုင် ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ဒါကို ပီပီပြင်ပြင် သိလိုပါတယ်။
ဖြေ = ၁၉၃၅ ခုနှစ်တုန်းက သရက်မြို့မှာ မြေပြန့်ချင်း ညီအစ်ကိုတို့ရဲ့ “နယ်ပေါင်းစုံအစည်းအဝေးတစ်ခု” ခေါ်ယူကျင်းပပြီး၊ ချင်းတွေရဲ့ အမည်နာမရှေ့မှာ ချင်းမှန်းသိအောင် (တစ်မိသားစုဝင်ဖြစ်ကြောင်း အမှတ်သင်္ကေတ တစ်ခုသတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။)
“ဆလိုင်းမိုင်”ဆိုတဲ့ သင်္ကေတဝေါဟာရကို ချင်းတို့ရဲ့ ကျား/မ သင်္ကေတအဖြစ် နာမည်ရှေ့မှာ အသုံးပြုမှုဟာ၊ ဒီအစည်းအဝေးကြီးကနေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီဝေါဟာရဟာ၊ အရှိုချင်းတွေရဲ့ ဘာသာစကားမှာ အရင့်အရင် (ရှေး) ကတည်းက ရှိပြီးသားဖြစ်ပေမဲ့၊ နာမည်ရှေ့မှာ အသုံးပြုခဲ့ခြင်း မရှိခဲ့ကြပါဘူး။ တောင်ပေါ်ဒေသမှာ ဒီလိုသင်္ကေတ အသီးသီးစတင်တဲ့ ၁၉၆၅-ခုနှစ်ထက် အနှစ် ၃၀ စောပါတယ်။ ချင်းလူငယ်များရဲ့ “ဘုံ” သုံးဝေါဟာရ တစ်ခုရှာဖွေကြတဲ့ ၁၉၇၃ ခုနှစ်နဲ့ စာရင် အနှစ် ၄၀ စောပါတယ်။
အဲဒီအနှစ် ၄၀ ကာလမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအ၀ှမ်းမှာ “ဆလိုင်းမိုင်” ဆိုရင် ချင်း (မြေပြန့်ချင်းမှန်း) လူတိုင်းသိနေကြပါပြီ။ အနှစ် ၄၀ ဆိုတာ ရာစုနှစ်တခုရဲ့ “ထက်ဝက်” နီးနီးရှိပါတယ်။
အများသိပြီး နားလည်ပြီးဖြစ်တဲ့ “ဆလိုင်း-မိုင်” ကို အားလုံး “ဘုံ” သုံးအဖြစ် သတ်မှတ်နိုင်မှ သဘာဝကျ မယ်ဆိုတာကို နားလည်သဘောပေါက်ကြတဲ့အလျောက် “ဆလိုင်းမိုင်” ဆိုတဲ့ သင်္ကေတကို “ဘုံ” ပိုင်အဖြစ် သိမ်းပိုက်လိုက်ကြတာပါပဲ။ ဒါကြောင့် ဒီဝေါဟာရဟာ ချင်းအမျိုးသားအားလုံးတို့ရဲ့ ပိုင်ဆိုင်မှု “အမျိုးသားပိုင်” ဖြစ်ပါတယ်။
၁၃။ “ဆလိုင်းမိုင်လှုပ်ရှားမှု” ဟာ ချင်းလူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ရေးရာ ကွဲပြားမှုတွေကို စုစည်းပေးတယ်လို့ဆိုပေမဲ့ ၁၉၇၇ ခု၊ ပတ်ဝန်းကျင်မှာ ဆလိုင်းမိုင်ပြဿနာကြောင့် စည်းရုံးမှု တော်တော်ပျက်ပြားခဲ့ရတယ်လို့ သိရပါတယ်။ မှန်ပါသလား။
ဖြေ = ဂ မှားတယ်။
ဂ ဆလိုင်းမိုင်ပြဿနာ လုံးဝမရှိခဲ့ပါဘူး။
တဦးနဲ့တဦး နားလည်မှုကွာခြားတာတော့ ရှိခဲ့ပါတယ်။ အငြင်းပွားမှုကလေးတွေလည်း ရှိခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်တွေဟာ ကမ္ဘာ့အတွေးအခေါ် သမိုင်းနဲ့ ကြည့်မယ်ဆိုရင် အသေးအဖွဲ့ ကိစ္စပါပဲ။ အတွေးအခေါ် သစ်တစ်ခု ပေါ်ထွန်းတိုင်း ပေါ်ထွန်းတိုင်း ဒီလိုကိစ္စမျိုး ရှိစမြဲ ဓမ္မတာပါပဲ။
ဒါပေမဲ့ အဲဒီအသစ်တွေဟာ မှန်ကန်တယ်၊ ရိုးသား တယ်၊ တကယ်တမ်း လူသားဝန်းကျင်ကို အကျိုးပြုတယ် လက်တွေ့ ကျတယ်ဆိုရင် တစ်နေ့တစ်ချိန်မှာ အားလုံးက လက်ခံလာကြတာ ချည်းပါပဲ။
ဒီနေ့ “ဆလိုင်း-မိုင်” တိုးတက်မှုကို လိုလားတဲ့ စည်းလုံးမှုကို လိုလားတဲ့၊ ရိုးသားစွာ တွေးခေါ်မြော်မြင် တဲ့ ချင်းလူငယ်တိုင်းက (အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ) နားလည် သဘောပေါက်ကြပါမယ်။
ဒါတင်မကပါဘူးကျွန်တော်တို့ အမိပြည်ထောင်စု အတွင်းနေထိုင်ကြတဲ့ အခြားတိုင်းရင်းသား ညီအစ်ကို တွေကိုယ်တိုင်က “ဆလိုင်း-မိုင်” ဆိုရင် “ချင်း” ဆိုတာကို လက်ခံ နေကြပါပြီ။
အခုကျွန်တော်တို့ရဲ့ဘ၀ကို စာနာထောက်ထားတဲ့ မြေပြန့် ညီအစ်ကိုတွေကိုယ်တိုင်ရဲ့ အားပေးကူညီမှုကို ခံယူနေပါပြီ။
ဒါကြောင့် “ဆလိုင်း-မိုင်” လှုပ်ရှားမှုဆိုတာ ချင်းလူ့အဖွဲ့အစည်းထဲမှာ “ပြဿနာတစ်ခုအဖြစ် ပေါ်ထွန်းလာတာ မဟုတ်ပဲ” နာတာရှည်ဒေသစွဲ သမိုင်းပြဿနာများပေးတဲ့ “သော့ချက်” သာလျှင် ဖြစ်ပါတယ်။
ကျဉ်းမြောင်းတဲ့ ဒေသစွဲစိတ်ဓာတ်ကိုသာမက၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး အမြင်တွေကိုပါ အမြစ်ပါ တွန်းလှန်နေတဲ့ “ဆလိုင်းမိုင်လှုပ်ရှားမှု” ဟာ စည်းလုံးမှု ပျက်ပြားခွင့်ပေးမှာ မဟုတ်ပါဘူး။
၁၄။ “ဆလိုင်း-မိုင် အတွေးအခေါ်” ကို လေ့လာဖို့ လိုပါသလား။
ဖြေ = “ဆလိုင်း-မိုင် အတွေးအခေါ်” ဆိုတာ စာတစ်စောင်တစ်တွဲ ကျမ်းဝန်တခုအဖြစ် ပေထက်အက္ခရာ တင်ရလောက်အောင် မရှိပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အတွေးအခေါ်လဲ မဟုတ်ပါဘူး၊ ဒီအတွေးအခေါ်ကို လေ့လာဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ဆလိုင်း-မိုင် ချင်းမျိုးနွယ်ဝင်တွေရဲ့ နှလုံးသားထဲကို နက်နက်ရိုင်းရိုင်း ၀င်ရောက်ဖို့ လိုအပ်ပါတယ်။
“ဆလိုင်း-မိုင် အတွေးအခေါ်”ဆိုတာဦးနှောက်ထဲ ယိုစီးတဲ့ အရာကိစ္စမဟုတ်ပဲ ဒီနေ့ခေတ် ချင်းလူငယ် မျိုးဆက်သစ် တွေရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ စိတ်ဓာတ်သာလျှင် ဖြစ်ပါတယ်။ ဆလိုင်းမိုင်အတွေးအခေါ်ဟာ ထာဝရရှင်သန်နေမှာ ပါပဲ။
၁၅။ ချင်းတွေရဲ့ နာမည်ရှေ့မှာ ဘုံသင်္ကေတအဖြစ် “ဆလိုင်း၊ မိုင်”လို့ အသုံးပြုခြင်းဟာ အခြားဝေါဟာရတွေဖြစ်တဲ့ (Taang Lia, Pa Nu, Val Leng) တွေကိုသုံးဖို့ မသင့်တော်လို့ လား၊ မကောင်းလို့လား။
ဖြေ = ၁၉၇၃-ခုနှစ် ရန်ကုန်တက္ကသိုလ် ခ.စ.ယ အစည်းအဝေးမှာ ဘုံဝေါဟာရကို စတင်ဆွေးနွေးခဲ့တုန်းက မည်သည့်ချင်းဝေါဟာရကို သတ်မှတ်အသုံးပြုရမယ်ဆိုပြီး၊ မူသေသတ်မှတ်ရန် ရည်ရွယ်မှု မရှိခဲ့ပါဘူး။ မည်သည့်ချင်းဝေါဟာရကိုမဆို တစ်ခုခုကိုသာ သင့်တော်ရင်သင့်တော်သလို ဘုံဝေါဟာရ၊ ဘုံသင်္ကေတအဖြစ် အခြေခံပြီး သတ်မှတ် သုံးစွဲကြဖို့ အခြေခံထား ဆွေးနွေးခဲ့တာသာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကြီးမှာအခြေအတင် အပြန်အလှန် တင်ပြ၊ ညှိနှိုင်းဆွေးနွေး၊ ငြင်းခုံကြပြီး ချင်းမျိုးနွယ်စုတွေရဲ့ နာမည် ရှေ့မှာ အသုံးပြုနေကြတဲ့ အမှတ်သင်္ကေတတွေ အသီးသီးအနက် “ဆလိုင်း-မိုင်” ကို ချင်းတစ်မျိုးသားလုံးရဲ့ သင်္ကေတအဖြစ် အသုံးပြုသင့်ကြောင်း အများက သဘောတူလက်ခံ ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ချင်းမျိုးနွယ်တစ်ခုရဲ့ အမည်သင်္ကေတဟာ သက်ဆိုင်တဲ့မျိုးနွယ်စု တစ်ခုထဲရဲ့ ပိုင်ဆိုင်မှုဆိုတဲ့ အဆင့်ကနေ အမျိုးသားသင်္ကေတ (တစ်မျိုးသားလုံးရဲ့ ပိုင်ဆိုင်မှု) အဖြစ် အဆင်မြင့် ကျယ်ဝန်းလာခဲ့ပြီး၊ ကျန်တဲ့အခြားမျိုးနွယ် ၀င်အသီးသီးရဲ့အမည် သင်္ကေတတွေဟာ မြို့နယ်၊ မျိုးနွယ်၊ ဒေသကို လိုက်ပြီး အသုံးပြုကြတဲ့ သင်္ကေတအဆင့်မှသာ ကျန်ရစ်ခဲ့ကြပါတယ်။
မျိုးဆက်သစ် တော်တော်များများဟာလည်း မျိုးနွယ်စွဲ အသုံးပြုမှုတွေကို ချန်ရစ်ခဲ့ပြီး၊ ဆလိုင်းမိုင်ဆိုတဲ့ ဝေါဟာရနဲ့အတူ အရှေ့ကို တစ်လှမ်းတိုးနိုင်ခဲ့ကြပါတယ်။
ဒီနေရာမှာ “ဆလိုင်းမိုင်” ဆိုတဲ့ ဝေါဟာရသည်သာ “အကောင်း” ဖြစ်မယ်၊ အခြား ဝေါဟာရတွေဟာ မကောင်းဘူးလို့ ဆိုလိုရင်း လုံးဝမရှိပါဘူး၊ ဆလိုင်းမိုင်ဆိုတာ ဝေါဟာရလုပွဲလည်း မဟုတ်ဘူး။ အထက်ကပြောခဲ့တဲ့ အစည်းအဝေးအရ ဘုံအဖြစ် အသုံးပြုမယ့် ဝေါဟာရတစ်ခုကို အများသဘောတူညီမှုနဲ့ မဆုံးဖြတ် နိုင်တဲ့ကာလတခုလုံး (အသီးသီး)ဟာ မျိုးနွယ်အလိုက် အသုံးပြုမှုဆိုတဲ့ အဆင့်တန်းတူအဆင့်တန်းမှာပဲ ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ “ဆလိုင်းမိုင်” ဟာ အများသဘောတူ ဘုံပိုင်ဆိုတဲ့ နေရာကို ရရှိနိုင်ခဲ့တဲ့အတွက် “ချင်းတစ်မျိုးသားလုံးပိုင်” သင်္ကေတအဖြစ် အဆင့်မြင့်ကျယ်ပြန့်လာရပါတယ်။ ဒါကြောင့် ကောင်း/မကောင်းဆိုတာဟာ ဝေါဟာရစကားလုံးအရ၊ ခွဲခြားပြောဆို သတ်မှတ်လို့မရပါဘူး။ ဘုံပိုင်ဖြစ်လား၊ မဖြစ်ဘူးလား၊ အများသုံးလား၊ မျိုးနွယ်သုံးလား၊ ညီညွတ်ရေးလား၊ ကွဲပြားရေးလား ဆိုတာပေါ်မှာသာ ကောင်း/မကောင်းဆုံးဖြတ်ခွဲခြား ဝေဖန်ရမှာ ဖြစ်ပါတယ်။
ဒီအမြင်ရှုဒေါင့်အရ “ဆလိုင်း-မိုင်” (ဘုံဝေါဟာရ သင်္ကေတ) သာလျှင် ချင်းလူမျိုးအတွက် အကောင်းဆုံး အသင့်တော်ဆုံးသုံး ရမဲ့ ဝေါဟာရဖြစ်ကြောင်း ထင်ရှားပါတယ်။
၁၆။ အရှိုချင်းနွယ်ဝင်တို့ရဲ့ ပါးစပ်သမိုင်းအရ (Salai Mai) ဆိုတဲ့ ဝေါဟာရဟာ ချင်းအမျိုးသားတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အသုံးပြုကြဖို့ (Mother God) က ပေးလာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုနားလည် လက်ခံထားကြပါသလဲ။
ဖြေ = ဘာသာ ဗေဒပညာရှင်တို့ရဲ့အဆိုအရ စကားလုံး ဝေါဟာရတွေဟာ ၎င်းင်းတို့ရဲ့ ကိုယ်ပြုရာ အရာဝတ္ထု (သို့မဟုတ်) စိတ်၊နာမ် ခံစားမှုဖြစ်စဉ်တို့နဲ့ သီးခြားကင်းလွတ်ပြီး ပေါ်ပေါက်လာ တယ်လို့ ဆိုကြပါတယ်။ စကားလုံး ဝေါဟာရတွေဟာ အမှတ် အသား၊ သင်္ကေတသက်သက်သာလျှင်ဖြစ်ကြောင်း ဖွင့်ဆိုကြပါ တယ်။ ဒါဟာ ဒီနေ့ခေတ်သစ် ဘာသာဗေဒ ပညာရှင်တို့ရဲ့ အဆိုဖြစ် ပြီး အထက်ပါအဆိုဟာ ဒဏ္ဍရီဆန်တဲ့ အဆိုသာ ဖြစ်ပါတယ်။
ဒဏ္ဍာရီပုံပြင်တွေဟာလည်း၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ဘဏ်တိုက်ထဲက ကျောက်မျက်ရတနာ တပါးပါပဲ။
ဒါပေမဲ့ ဒီနေ့မျိုးဆက်သစ်တွေက “ဆလိုင်းမိုင်” ဆိုတာကို ဝေါဟာရအရသော်လည်းကောင်း၊ အဓိပ္ပါယ် အရသော်လည်းကောင်း၊ အခြေခံပြီး လက်ခံသုံးစွဲကြတာ မဟုတ်ပဲ “အသုံးပြုမှု” အတိုင်းအတာနဲ့ ဖြစ်တဲ့ “ဘုံသုံး (ညီညွတ်ရေး) ဝေါဟာရဖြစ်ခြင်း” ဆိုတဲ့အပေါ်မှာ မူတည်ပြီး အလေးအနက်ထား သုံးစွဲကြတာ ဖြစ်ပါတယ်။
၁၇။ “ဆလိုင်းမိုင်” အသုံးပြုမှု အတိုင်းအတာနဲ့ အလားအလာ ဘယ်လိုရှိပါသလဲ။
ဖြေ = စာရင်းဇယားအရ အရေအတွက် ကောက်ယူတင်ပြဖို့ မဖြစ်နိုင်ပေမဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ်တိုင်းမှာ ဆလိုင်းမိုင်ကို လက်ခံအသုံးပြုသူတွေ ရှိနေကြပါတယ်။ အသုံးပြုမှု အနည်းအများ ကွာခြားမှုရှိတာကလွဲရင်လုံးဝသုံးစွဲ သူမရှိတဲ့ မြို့နယ် မရှိပါဘူး။
ဒါပေမဲ့ ဆလိုင်းမိုင် လှုပ်ရှားမှု စတင်ခဲ့တဲ့ ဒီ(၁၀) စုနှစ်အတွင်း သဘောပေါက် လက်ခံအသုံးပြုမှုဟာ တစ်စတစ်စ ကျယ်ပြန့်နေတာကို လက်တွေ့သိရှိမြင်တွေနေရပါတယ်။
အချိန်ဆိုတာ အယူအဆသစ်ရဲ့ ဘက်တော်သားအဖြစ် သစ္စာရှိရှိ ထာဝစဉ် ရပ်တည်လေ့ရှိပါတယ်။
လောလောဆယ်အားဖြင့် ခေတ်ဟောင်း အမွေဆိုးရဲ့ လောင်းရိပ် အောက်ကနေ မရုန်းထွက်နိုင်ကြသေး တဲ့ မျိုးဆက်ဟောင်း (OLD GENERATION) နဲ့ အဲဒီမျိုးဆက် ဟောင်းရဲ့ တားဆီး ပိတ်ဆို့ဟန့်တားမှုကို ခံနေကြရတဲ့ ရိုးသားတဲ့ မျိုးဆက် သစ်တွေဟာ “ဆလိုင်း-မိုင်” ရဲ့ အနှစ်သာရကို မသိကျိုးကျွန် ပြုလို့မရ၊ တစ်စတစ်စသိရှိလာကြပြီ ဖြစ်တဲ့အတွက် “ဆလိုင်းမိုင်” အသုံးပြုမှု အတိုင်းအတာဟာ နောင် အသစ်အသစ်သော ပေါ်ထွန်းဦးမဲ့ မျိုးဆက်သစ်တွေ အထိ ကောင်းမွန်တောက်ပတဲ့ အလားအလာ တွေကို မျှော်လင့်နိုင်ကြပါပြီ။
ဆလိုင်းမိုင်စိတ်ဓာတ်ရဲ့ မွန်မြတ်မြင့်မားတဲ့ အရှိန် အဟုန်တွေဟာ လာလတ္တံ့သော အနာဂတ်ချင်း လူ့အဖွဲ့အစည်း အတွက် သစ်လွင်တဲ့ ဖြစ်ပေါ်တိုးတက်မှုပေါင်း မြောက်မြားစွာကို မုချမလွဲ ဆောင်ကျဉ်းပေးမယ်ဆိုတာကို အခိုင်အမာ ယုံကြည်လို့ရပါ ပြီ။
(အောက်ချင်းငှက် (VAKOK) စာစဉ် အတွဲ (၂) အမှတ် (၃) (၃၄-နှစ်မြောက် ချင်းအမျိုးသားနေ့အထူး ထုတ်) အတွဲ (၃) အမှတ် ၁း၂ တွင် ဖေါ်ပြခဲ့သော ဆလိုင်-မိုင် အမေးအဖြေကို ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂ တွင် ပြန်လည် ဖြည့်စွတ်၍ တင်ပြခြင်း ဖြစ်သည်။ )
ကောင်းကြီးမိုးရွာပါလေ
(Ruahpi sur kukkuk law)
ငှက်ကလေးများပျံသန်းစေ
(Vate hawi lengli law)
သူတို့ လယ်စပါးဝင်းမှည့် စေသော်
(Amah lo ah fang thar lai ee)
ငါတို့လယ်စပါးဝင်မှည့်စေသော်
(Keimah lo ah fang thar lai ee)
ချင်းပြည်နယ် ဖလမ်းမြို့နယ် တွင်းရှိ ချင်းမျိုးနွယ်စုတစ်စုရဲ့ ကောက်သစ် စားပွဲမှာ မြူးကြွတဲ့အကနဲ့ ပျော်ပျော်ရွှင်ရွှင် သီဆိုလေ့ရှိတဲ့ ရိုးရာတေးတစ်ပုဒ် ဖြစ်တယ်။ ငယ်ငယ်ကတည်းက ကြားနေကျဖြစ်ပေမဲ့ အကြောင်းအရာနဲ့ အနှစ်သာရကို သိပ်မစဉ်း စားခဲ့မိဘူး။
သူငယ်ချင်းတစ်ယောက်က ချင်းရိုးရာတေးတွေနဲ့ ဒီဘက်ခေတ်ဂီတပုံစံ ပေါင်းစပ်ပြီး သီချင်းလုပ်ရအောင်၊ မင်းရတာ တွေ ဘာရှိလဲ၊ ကောင်းမယ်လို့ ထင်တဲ့ဟာ လေးတွေ ပြစမ်းပါ ဆိုတာနဲ့ ဒီသီချင်းလေးကို ကျွန်တော် ဆိုပြတယ်။ ဒါနဲ့ပဲ ဒီသီချင်းကို ကျွန်တော် အလေးအနက်ထားလာခဲ့တယ်။
Music ပိုင်းနဲ့ ကြည့်ရင် ပြောစရာ အထွေအထူးမရှိဘူး။ ချင်းရိုးရာ တေးစစ်စစ်တွေမှာ d r m ဆိုတဲ့ အသံ ၃ ခုပဲရှိတာ။ ကျွန်တော့်ကို အဓိက ဆွဲဆောင် တာက အကြောင်းအရာပိုင်းပါ။
ကျွန်တော်တို့ ချင်းဘိုးဘေးတွေ ခေတ်တုန်းက သူတို့ရဲ့ တောင်ယာဟာ သူတို့ ရဲ့အသက်ပဲ။ ဒီနေ့ကျွန်တော်တို့လို ကုန်ကူး တာတို့၊ ဆိုင်ဖွင့်တာတို့၊ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တာတို့၊ ကျမ်းစာကျောင်းဖွင့် တာတို့၊ မိဘမဲ့ဂေဟာ ထောင်တာတို့၊ ဘာတို့၊ ညာတို့ဆိုတာမှ မရှိသေးတာ။ သူတို့လက်နဲ့ ခုတ်တဲ့ တောင်ယာမှာ သူတို့ခွန်အားနဲ့ ထွန်ယက်စိုက်ပျိုးတာလေးပဲ ရှိတာ။ အထွက်ကောင်းရင် သူတို့အတွက် ကောင်းကြီးမင်္ဂလာနှစ်ပေါ့။ အကြောင်း တစ်ခုခုကြောင့် အထွက်မကောင်းခဲ့ရင် တခြားဘာမှ မျှော်ကိုးစရာ မရှိတော့ဘူး။ သူတို့ ကံကြမ္မာဟာ ဒီတစ်ခုပေါ်မှာပဲ တည်နေတာ။
ဒါကြောင့် သီချင်းရဲ့ ပထမနဲ့ ဒုတိယ အကြောင်းတွေမှာ သဘာဝ ၀န်းကျင် သာယာဖို့၊ ရာသီဥတုကောင်းမွန်ဖို့ ကို အဓိကဖွဲ့ထားတာဖြစ်မယ်။ တတိယ ကြောင်းမှာတော့ ဘိုးဘေးတွေခေတ်က သူတို့ရဲ့ စိတ်ဓါတ်ကို ထင်ရှားစွာတွေ့ ရတယ်။ စပါးဝင်းမှည့်ဖို့ အဲလောက်အရေး ကြီးချိန်မှာ တောင်သူများအတွက် အရင် ကောင်းကြီး တောင်းခံပေးသွားတယ်။ နောက်မှကိုယ့်အတွက် တောင်းဆုပြုကြတာ တွေ့ရ တယ်။
အရမ်းလှတဲ့ အရာပါလားလို့ တွေးရင်း သူတို့ရဲ့ စိတ်ဓါတ်ကို ဂုဏ်ယူ အားကျမိတယ်။ အခု သူတို့ရဲ့ မျိုးဆက်တွေ မှာကော ဒီအလှတရားတွေ ရှိသေးလား။ ကျွန်တော့်ဆီမှာကော ရှိသေးလား။ ဒီအနေ အထားနဲ့ ဒီသီချင်းကို ကျွန်တော်တို့ ဆက်ဆို သင့်သလား။ ဆက်ဆိုရဲမလား။
မေးခွန်းပေါင်းများစွာနဲ့ ကျွန်တော့်ရင်ထဲမှာ တိုးတိုးလေးညည်းမိ တယ်။
“သူတို့လယ်စပါး ၀င်းမှည့်စေသော်၊
ငါတို့လယ်စပါး ၀င်းမှည့်စေသော်”
(၁)
ကျွန်တော့်ကို ပလက်ဝမြို့နယ်အတွင်းက ကုလားတန် မြစ်ကမ်းတစ်နေရာမှ ရွာငယ်တစ်ခုတွင် မွေးဖွားခဲ့ပါသည်။ ခူမီး ဘာသာစကားပြော မိဘနှစ်ပါးမှ မွေးဖွားလာသောကြောင့် ခူမီးချင်း မျိုးနွယ်စု ၀ိသေသကို ရရှိခဲ့ပါသည်။ ကုလားတန်မြစ်ရေကိုသောက်၊ ကုလားတန်မြစ်ကိုချိုး၊ ကုလားတန်မြစ်ရေကိုသုံးရင်း ကုလားတန် သည် ကျွန်တော်၏မြေ၊ ကုလားတန်သည် ကျွန်တော်၏ရေ၊ ကုလားတန်သည် ကျွန်တော်၏ ကမ္ဘာအဖြစ် ရိုးရိုးသားသားနားလည် ခဲ့ပါသည်။ ကုလားတန်သည် ကမ္ဘာမြေ၏ဗဟို၊ ကျွန်တော်၏ရွာ သည်သာ ကမ္ဘာမြေ၏ အချက်အခြာ၊ ကျွန်တော်တို့အိမ်သည်သာ ကမ္ဘာမြေ၏ဆုံချက်အဖြစ် တွေးခဲ့ပါသည်။ သို့သော် ကုလားတန်မြစ် သည် ပင်လယ်ထဲတွင် စီးဝင်သွားကြောင်း၊ ထိုပင်လယ်သည် သူ့ထက်အပြောကျယ်သော သမုဒ္ဒရာနှင့် ပေါင်းစည်းဆက်စပ် နေကြောင်း မကြာမတင် ကျွန်တော်သိသွားသောအခါ ကုလားတန် မြေ၏ အပြင်ဘက်တွင် များစွာသောကမ္ဘာ၊ များစွာသောအချက် အချာများ ရှိနေသေးကြောင်း သိလာခဲ့ပါသည်။
(၂)
ကျွန်တော်၏တစ်ဝမ်းကွဲအဖိုး (အမေဘက်မှအဖိုး) သည် ခူမီးအမျိုးသမီးကိုယူထားပြီး ခူမီးမြေရှိ သွေးချင်းများ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို ကုလားတန်မြေတွင်နေထိုင်၍ အသက်ထက်ဆုံးရိုးမြေကျ ဆောင်ရွက်ခဲ့သော ရန်ကုန်စိန့်ဂျွန်း ကျောင်းထွက်ဟားခါးဒေသမှ ချင်းမျိုးနွယ်စုဝင်တစ်ဦး ဖြစ်ပါသည်။ ငယ်စဉ်ကသဘောကောင်း၍ အေးအေးဆေးဆေး နေတတ်သော အဖိုးနှင့် စကားများများမပြောဖြစ်သော်လည်း တစ်ခါတစ်ရံ အဖိုး ပြောသောဘာသာစကားနှင့် အကြောင်းအရာများကို ထောက်၍ ခူမီးမဟုတ်သော အခြားချင်းမျိုးနွယ်စုများရှိသေးကြောင်း ရိပ်မိခဲ့ ပါသည်။ သို့သော် ထိုသူတို့သည် ဘယ်မှာနေ၍၊ ဘယ်လိုစားကြောင်း၊ ဘယ်လိုဝတ်၍၊ ဘယ်လိုပြောဆိုကြောင်း အရိပ်အ>မက်မျှပင် မသိခဲ့ ပါ။ ကျွန်တော့်အဒေါ်အရင်း (အဖေ့ညီမ)သည် ဟားခါးဒေသမှ ချင်းမျိုးနွယ်စုဝင် ချင်းအမျိုးသား(ကျွန်တော့်ဦးလေး)နှင့် လက်ထပ်သောအခါတွင် ကျွန်တော်သည် ချင်းပြည်နယ် မြောက်ဘက်ပိုင်း၌ နေထိုင်သောချင်းသွေးချင်းများအကြောင်း သိလိုစိတ်ပြင်းပြလာခဲ့ပါတော့သည်။ သို့ရာတွင် ထိုသူတို့အကြောင်း စာအုပ်စာပေများတွင် ရေးသားထားသည်များကို ဖတ်ရှုခြင်းမှအပ ကိုယ်တိုင်သူတို့နေထိုင်သော နေရာဒေသများသို့ သွားရောက် နိုင်ခြင်းမရှိခဲ့ပါ။ ကျွန်တော်အမ်အိုင်တီတွင် ဓမ္မပညာဆည်းပူးရန် ရောက်ရှိသောအခါ များစွာသောချင်းသွေးချင်းများနှင့် ဆုံတွေ့ခွင့် ရရှိခဲ့ပါသည်။ မိမိနှင့်သွေးတူသားတူညီအစ်ကိုမောင်နှမ သွေးချင်း များနှင့်ဆုံတွေ့ရသောအခါ အတိုင်းထက်အလွန် ပျော်ရွှင်ကြည်နူး မှုကိုခံစားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် မျိုးနွယ်စုကွဲပြားမှုနှင့် ဘာသာစကား သုံးစွဲမှုခြားနားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော တစ်သီးတစ်သန့်ဖြစ်နေမှုများကိုပါ တွေ့ကြုံခဲ့ပါသည်။ ချင်းဟူသော ခေါင်းစဉ်အောက်တွင် မျိုးနွယ်စုအလိုက် ကွဲပြားခွဲခြားသော အရောင် အဆင်းများကို ထပ်မံတွေ့ရှိရသောအခါ ချင်းပြည်နယ်၏အပြင်ဘက် သို့ ရောက်ရှိနေသောကျွန်တော်သည် ကုလားတန်မြေကို တမ်းတ လွမ်းဆွတ်စိတ်သာ ပေါ်ပေါက်လာခဲ့ပါသည်။ ]]သူတို့လဲ လှသလို ငါတို့ရဲ့ကုလားတန်လဲ လှပါတယ်နော်}}ဟူသော အတွေးများရှိလာ ခဲ့ပါသည်။
တစ်ဆက်တည်းမှာပင် အရောင်အသွေးစုံလင်၍ အဆင်းရသ ကွဲပြားခြားနားသောချင်းတို့၏မြေကို တောင်မှမြောက်၊ အရှေ့မှအနောက် ဒိုးယိုပေါက်ဖြတ်သန်းသွားလာပစ်လိုက်ချင်စိတ် ပေါ်ပေါက်ခဲ့ပါသည်။ ]]နင်လားဟဲ့ ငါတို့ကို တစ်သီးတစ်ခြားဖြစ်စေ တာ}} ဟူသော ပထ၀ီမြေကြီးကွာ စိန်ခေါ်ချင်စိတ် ပြင်းပြခဲ့ပါသည်။ ]]တို့တွေက နဂိုတုန်းကတော့ အတူတူပဲ၊ ဒါပေမယ့် တစ်တောဝင် တစ်တောင်ဖြတ် တစ်လျှိုကျော်နဲ့ ကိုယ့်မိသားစုနှင့် ကိုယ်ထွက်လာခဲ့ ကြတော့ အုပ်စုသေးသေးလေးတွေဖြစ်လာပြီး၊ နောက်ပိုင်း စကား တွေပါကွဲပြားသွားကြတာလေ}}ဆိုပြီးတော့ ကြိမ်ဖန်များစွာ ပြောဖြစ်ခဲ့ ပါသည်။ ကုလားတန်မြေကိုပဲ ကမ္ဘာကြီးရဲ့ အချက်အခြာအနေနဲ့ မှတ်ယူခဲ့တုန်းက ကိုယ့်ရဲ့စကားသာပဲ ဇမ္ဗူမှာပြိုင်စံရှား၊ တစ်ခြားမရှိ ဘူးဟု ထင်ခဲ့သော်လည်း ကျွန်တော်ကိုယ်တိုင် ကလေး၊ ဖလမ်း၊ တီးတိန် စသော သွေးချင်းဌာနေများသို့ ရောက်ရှိခဲ့သောအခါ ]]အားပါးပါး၊ ငါ့စကားတော်တော်များများ သူတို့နဲ့တူနေပါလား ကွယ်ရို့}} ဟူ၍အံ့သြ၀မ်းသာ ဂုဏ်ယူမဆုံး၊ <ကားမဆုံးဖြစ်ရပါတော့ သည်။ တကယ်တော့ လူမျိုးတစ်ခုတည်းပေပဲ။ တူပေမှာပေါ့။ တစ်မိသားစုထဲက ဆင်းသက်လာကြသူတွေပဲ။ ညီပေမှာပေါ့။ သို့သော် ရေမြေတစ်ဆက်တည်းမှာ တစ်စုတစ်ဝေးနေကြသော တစ်မိသားစုတည်းဝင်တွေ ဖြစ်ကြပေမယ့် အကူးအလူး အဆက် အဆံခက်ကြတော့ တစိမ်းတစ်ရံဆံကဲ့သို့ ခံစားတွေးခေါ်ပြုမူလာ ကြခြင်းရယ်ပါ။
(၃)
တကယ်တော့ ဤအတွေးကိုကျွန်တော့်အား အမွေပေး ခဲ့သူမှာ ကျွန်တော့်အဖေပဲဖြစ်ပါသည်။ လွန်ခဲ့သော အနှစ်(၂၀)ကျော် က အဖေသည် ကုလားတန်မြစ်ကမ်းဘေး ရွာကလေးတစ်ရွာမှနေ၍ ကုလားတန်မြစ်ကို ဆန်တက်၊ တောအထပ်ထပ်တောင်အထပ်ထပ်ကို ကျော်ဖြတ်ကာ ဖလမ်းမြို့ ဇက်တီစီတွင်ပြုလုပ်သော အမ်စီစီ အစည်းအဝေးသို့ ချင်းအင်္ဂလီကန် ဘုန်းတော်ကြီးတစ်ပါးအဖြစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ (၈)ရက်ကြာထိုခရီးတွင် အဖေသည် တပည့်တစ်ယောက်ကို အဖော်ပြု၍ ပလက်ဝမှ ဖလမ်းမြို့သို့ ချင်းပြည်နယ်ပြင်ပမြေကြီးကို တစ်လက်မမျှပင်မနင်းဘဲ သွားရောက်ခဲ့ သည်ကို နောင်ကျွန်တော်က သူ့ကိုမေးသောအခါ ]]ငါကချင်းပဲ။ ပလက်ဝကနေ ဖလမ်းထိကိုချင်းပြည်နယ်ထဲကနေ မသွားရဘူးလို့ ဘယ်သူပြောသလဲ}}ဟူ၍ ခပ်ရိုးရိုးသာဖြေပါသည်။
ကျွန်တော်သည် ၂၀၀၄ ခုနှစ်မှစ၍ ချင်းပြည်နယ် မြောက်ဘက်ပိုင်းဒေသများသို့ နှစ်စဉ်ရောက်ရှိခွင့်ရလာခဲ့ပါသည်။ သို့သော် ကုလားတန်မြစ်ကို စုန်ဆင်းထွက်သွားပြီး ချင်းပြည်နယ် အပြင်ဘက်မှ အထက်ဘက်သို့ပြန်ဝင်သောလမ်းများသာ ဖြစ်ခဲ့ပါ သည်။ ချင်းပြည်နယ်တောင်ဘက်စွန်းမှ မြောက်ဘက်စွန်းထိ ချင်းပြည်နယ်ထဲမှသာ တစ်ခါတစ်ခေါက်သွားရောက်ချင်စိတ် ရှိပါသည်။ တကယ်တော့ တစ်ခါတစ်ခေါက်မဟုတ်ပါ။ နှစ်စဉ်ပင် သွားရောက်ချင်ပါသည်။ ချင်းတို့ကို တစ်ကွဲတစ်ခြားဖြစ်စေသော ပထ၀ီမြေကြီးတောတောင်ရေမြေများကို စိန်ခေါ်၍ ချင်းတို့ဒေသ အတွင်း အချိန်အခါမရွေး ကူးလူးသွားလာနိုင်သောနေ့ရက်ကို တမ်းတနေဆဲဖြစ်ပါသည်။ ရူးသည်ဟု ဆိုချင်ဆိုပါ။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို မဂ္ဂဇင်းတစ်စောင် လက်ဆောင်လာပေးပါတယ်။ ပန်းချီဆရာ ဆလိုင်းမိုးယဉ်သဲရာရဲ့ ပုံကို မျက်နှာဖုံးအဖြစ် သုံးထားတာတွေ့ရတော့ ပိုပြီး စိတ်ဝင်စားမိပါတယ်။ နောက်တစ်ဆင့် ကြည့်လိုက်တော့ ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) နှစ်ပတ်လည်မဂ္ဂဇင်းလို့ ရေးထားတယ်။ ၀မ်းသာအားရနှင့် အဲဒီမဂ္ဂဇင်းကို ကျွန်တော် သေချာ ဖတ်လိုက်ပါတယ်။ ချင်းလူကြီး၊ လူငယ်အစုံက ကလောင်ကိုင်ပြီး ချင်းလူမျိုးအရေး ရေးထားတဲ့စာတွေ ဖတ်ရတာ ရင်ထဲ ကြည်နူးရပါတယ်။
ယခု … ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) ခေါ် ခ.စ.ယမှ ချင်းမဂ္ဂဇင်းထုတ်ဖို့ ကျွန်တော့်ကို စာမူလာတောင်းပါတယ်။ ချင်းမဂ္ဂဇင်းဆိုတာနှင့် ကျွန်တော် မျက်လုံးပြူးရပါတယ်။ ကျွန်တော် မယုံနိုင်ပါ။ ကျွန်တော်သိရှိ၊ လေ့လာမိသမျှ၊ ချင်းမဂ္ဂဇင်းဟာ အရှိန်အ၀ါကြီးခဲ့တယ်။ ရှစ်အုပ်ပဲထုတ်ဝေခဲ့တယ်။ နောက်ဆုံးထုတ်ဝေတာ အခုဆိုရင် နှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ အဲသလောက်ကြီးကျယ်ခဲ့တဲ့ မဂ္ဂဇင်းမျိုး ကျွန်တော့်ညီငယ်တွေ ထုတ်ဝေနိုင်ပါ့မလား။ မေးခွန်းပေါင်းများစွာ ကျွန်တော့်ရင်ထဲ ရောက်လာပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကြုံတွေ့ခဲ့ဖူးတဲ့ ချင်းကျောင်းသားအများစုဟာ စာပေကို စိတ်မ၀င်စားကြ။ သီချင်းဆိုဖို့ ပွဲလုပ်ဖို့ ပျော်ရွှင်ဖို့ပဲ သူတို့စိတ်ဝင်စားကြတယ်။ ချင်းစာပေ၊ ချင်းယဉ်ကျေးမှု သူတို့ စိတ်မ၀င်စားကြ။
စာရေးသူ ကျွန်တော် အဝေးသင် တက္ကသိုလ်တက်ခဲ့တုန်းက၊ ခ.စ.ယ မှာ ထဲထဲဝင်ဝင် သိပ်မရှိလှတာကို သူငယ်ချင်း တစ်ချို့ ဝေဖန်ကြတယ်။ ချင်းအမျိုးသားနေ့ အစီအစဉ်တွေကို ခ.စ.ယ မှ လုပ်ခဲ့လည်း မတက်ရောက်ခဲ့ပါ။ မင်းက ခ.စ.ယ လုပ်ငန်းတွေမှာ ရှောင်ဖယ်ရှောင်ဖယ်နဲ့ လို့ သူငယ်ချင်းတွေက အပြစ်တင်ကြတယ်။
ကျွန်တော် သူတို့ကို စသလို၊ နောက်သလိုနှင့် ပြောလိုက်တယ်။ “မင်းတို့ဟာက … ချင်းစာပေနှင့် ယဉ်ကျေးမှုနဲ့မှ မတူတော့တာ။ မင်းတို့ လှုပ်ရှားမှုက ချင်းစတိတ်ရှိုးယဉ်ကျေးမှု ဖြစ်သွားပြီ၊”
အဲသလို ပြောကြဆိုကြရင်း၊ ကျွန်တော်ကတော့ လမ်းဘေးစာအုပ် ပုံကနေ ရရှိခဲ့တဲ့ ချင်းမဂ္ဂဇင်းဟောင်းတွေကို လွမ်းလျက်၊ ကျွန်တော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့ ကျိမ်နွဲမဂ္ဂဇင်းမျိုးကို လွမ်းရင်း။
အသစ်ထွက်ရှိလာတော့မယ့် ချင်းမဂ္ဂဇင်းမှာပေးဖို့ စာလေး တစ်ပုဒ် သီကုံးကြည့်တယ်။
ဘာရယ်၊ ညာရယ်တော့မဟုတ်။ ရင်ထဲက အလွမ်းလေးတွေပါ။ ရင်ထဲက ခံစားချက်လေးပါ။ ဃနညအမေူ ဃူဃဃ နှစ်ပတ်လည် မဂ္ဂဇင်းထဲက သူငယ်ချင်းရေးဖော်ရေးဖက် ကဗျာဆရာ မြကဗျာရဲ့ “ဘုတ်ငှက်များအကြောင်း” ကဗျာကို ပြန်လည်ခံစားခြင်းပါ။
“ဘုတ်ငှက်ပျံသည်ကို လိုက်လျှင် ပြည်မရောက်သည်” ဆိုတဲ့ စကားပုံကို ယူပြီး ကဗျာဆရာ မြကဗျာက ကဗျာဖွဲ့လိုက်တယ်။
သူ့ကဗျာ ပထမပိုဒ်မှာ
တောင်ပေါ်မှာ
ပျံတတ်တဲ့ ဘုတ်ငှက်တွေများတယ်။
တချို့ဘုတ်ငှက်တွေ
အစားအစာ အတွက်ပျံသန်းတယ်
တချို့ဘုတ်ငှက်တွေ
စကားအထာအတွက် ပျံသန်းတယ်
ပြည်မရောက်တယ် …။
သူအဲသလို ဖွဲ့ဆိုထားပါတယ်။ ဘုတ်ငှက်တွေဟာ တောင်ပေါ်မှာ ပျံသန်းကြပေမယ့် တချို့ကျတော့ မြေပြန့်ကို ပျံသန်းတဲ့အကြောင်း ကဗျာဆရာက ညွှန်းဆိုခဲ့တယ်။ ဘုတ်ငှက်တွေ ပျံသန်းတဲ့ တောင်ဆိုတာ အမိချင်းတောင်တန်းတွေကို ကဗျာဆရာက ဆိုလိုခြင်းဖြစ်တယ်။
ဆက်ပြီး ကဗျာကို ကျွန်တော်ဖတ်ကြည့်တယ်။ ဘုတ်ငှက်တွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ပျံသန်းခြင်းကို ကဗျာဆရာက အသေးစိတ် ရေးထားတာ တွေ့ရတယ်။ အမြင့်ကို ပျံတဲ့ ဘုတ်ငှက်တွေ ရှိသလို ခပ်နိမ့်နိမ့်မှာ ပျံသန်းတဲ့ ဘုတ်ငှက်တွေလည်း များသတဲ့။ တည့်တည့်ပျံတဲ့ငှက်တွေ ရှိသလို၊ ဇောက်ထိုးပျံတဲ့ ငှက်လည်းရှိတယ်။ အားလုံးရဲ့ ပျံသန်းမှုမှာ ပြည်မကို ဦးတည် ပျံသန်းတယ်လို့ ကဗျာဆရာက ဆိုပါတယ်။
အဲသလို မြေပြန့်ကို ပျံသန်းခဲ့တဲ့ ဘုတ်ငှက်တွေအကြောင်းကို ကဗျာဆရာက ဆက်ပြီး ဒီလိုရေးဖွဲ့ခဲ့တယ်။
အဲဒီဘုတ်ငှက်တွေပေါ့
တခါ တခါ
မီးပုံနံဘေး
ခေါင်ရည်တေးနှင့်
ချိုအေးကြည်မြ … ခွါဒိုညကို သတိရသတဲ့။
ဒီအပိုဒ်မှာ … မြေပြန့်မှာ ပျံသန်းတဲ့ ဘုတ်ငှက်တွေရဲ့ ခံစားချက်ကို ကဗျာဆရာက ဖွဲ့ဆိုခဲ့တယ်။ ဘုတ်ငှက်တွေဟာ ပြည်မမှာ ပျံသန်းနေကြပေမယ့် တောင်ပေါ်ကို သတိရဟန် တွေ့ရတယ်။
ဒါပေမယ့် … အဲသလို တောင်ပေါ်ဒေသကို လွမ်းဆွတ်သတိရပေမယ့် … ဘယ်ဘုတ်ငှက် (အများစု) မှ တောင်ပေါ်ကို ပြန်ပြီး ပျံသန်းမသွားတဲ့အကြောင်းကို ကဗျာဆရာက ဒီလိုရေးလိုက်တယ်။
ဒါပေမယ့်
(တချို့ကလွဲရင်) ဘယ် ဘုတ်ငှက်မှ
တောင်ပေါ်ပြန်မရောက်ဘူး။
နောက်ဆုံးမှာ ကဗျာဆရာက သူ့ကဗျာကို သူပဲ အဆုံးသတ်လိုက်တယ်။
ဟုတ်တယ်
ပြည်မမှာ
မပြန်တတ်တဲ့ ဘုတ်ငှက်တွေ
များတယ် …။
အဲဒီ ကဗျာရယ်၊ ဘုတ်ငှက်တွေအကြောင်း စဉ်းစားမိတာနဲ့ ကျွန်တော်ငယ်ငယ်တုန်းကနေခဲ့တဲ့ တောင်ပေါ်မြို့ တီးတိန် (ွှနိငာ) ကို သတိရလွမ်းမိတယ်။ အဲဒီမြို့မှာ အဖေဆောက်ခဲ့တဲ့ မြို့စွန်ရပ်ကွက်လေးထဲက ထင်းရှူးနဲ့ဆောက်တဲ့ အိမ်လေးကို ကျွန်တော်မေ့မရပါ။ ရောင်စုံတိုက်တန်းတွေ ကင်းတဲ့ ရပ်ကွက်ကလေး မြို့ပြရဲ့ ဆူညံမှုနဲ့ ကင်းဝေးခဲ့တယ်။ ရိုးသားတဲ့ အိမ်နီးချင်းတွေနဲ့ တည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်လေးပါ။ အဲဒီ အိမ်ဘေးနားမှာ သစ်ပင်တွေ အုံအုံဆိုင်းဆိုင်းနဲ့ ကျေးငှက်တွေလည်း ပျော်မွေ့နေကြတယ်။ မလှမ်းမကမ်းမှာ သင်္ချိုင်းကုန်းနဲ့ နီးသွားပြီ။
အဲဒီသင်္ချိုင်းကုန်းမှာ သစ်ပင်ချုံနွယ်တွေ ပေါက်လို့ ငှက်ကလေးတွေက ခိုနားကြတယ်။ ကျွန်တော့်နားထဲ အချိုဆုံးအသံက ဘုတ်ငှက်အသံလေးပါ။ ဘုတ်ငှက် မြည်သံကြားရင် ဘုတ်ငှက်ကို ဖမ်းချင်စိတ် ကျွန်တော့်မှာ ရှိလာတယ်။ ကျွန်တော်နဲ့ သူငယ်ချင်း ဘုတ်ငှက်ကို လိုက်ဖမ်းကြတယ်။ ဘုတ်ငှက်တွေတွေ့တိုင်း ဘုတ်ငှက်တွေ တောင်ပေါ်မှာ အေးအေးချမ်းချမ်းမနေရအောင် ကျွန်တော်နှောင့်ယှက်ခဲ့ဖူးတယ်။ မောင်းထုတ်ခဲ့ဖူးတယ်။ ဘုတ်ငှက်ကြီး ကျွန်တော့်လက်က ကြောက်လန့်တကြားရုန်းထွက်ပြီ အဝေးကို ပျံသန်းသွားခဲ့တာကို ကျွန်တော်အခုထိ မှတ်မိနေသေးတယ်။ မြင်ယောင်သေးတယ်။
ကျွန်တော်နေဖူးတဲ့ တောင်ပေါ်မြို့မှာ ဘုတ်ငှက်တွေနေဖို့ နေရာရှိပါဦးမလား။ သဘာဝတောတောင်တွေကို မပြုစုတတ်တဲ့ လူတွေကြားမှာ ဘုတ်ငှက်တွေ လုံခြုံမှု ရှိပါ့မလား။ တကယ်တော့ … ဘုတ်ငှက်တွေဟာ ချင်းတောင်တန်းတွေပေါ်မှာ ပျော်ရွှင်စွာ ပျံသန်းသင့်ပါတယ်။ သူတို့ ပျံသန်းခြင်းဟာ ချင်းတောင်တန်းကို အသက်ဝင်စေတယ်၊ ပိုမိုလှပစေတယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်ဆိုးတွေကြောင့် ဘုတ်ငှက်တွေ ချင်းတောင်တန်းတွေ အပေါ်မှာ မပျံသန်းချင်ကြတာလား။
ချစ်တဲ့မြကဗျာ … ဘုတ်ငှက်တို့ ပျံသန်းခြင်းဟာ စိတ်ပျက်စရာမဟုတ်။ သူတို့လွတ်လပ်စွာ ပျံသန်းပါစေ။
ချင်းတောင်တန်းတွေပေါ်မှာ သူတို့အဖို့ ပျော်စရာကောင်းတဲ့ ရာသီတစ်ဖန် ရောက်လာပါ လိမ့်မယ်။ အဲဒီအချိန်ကျရင် ဘုတ်ငှက်တွေကို နှောင့်ယှက်မဲ့ ဘေးအန္တရာယ်တွေ မရှိတော့ပါဘူး။
ဘုတ်ငှက်တွေရဲ့ အိမ်ပြန်ချိန်ကို ကျွန်တော်တို့ အတူစောင့်ရအောင်မြကဗျာ။
ချင်းတောင်တန်း “ခေါနူးသုမ်” ဒေသသည် ကိုလိုနီ အုပ်ချုပ်ရေးကာလ အမှောင်ချဒေသဖြစ်သည်။ တောင်ထိပ်ပေါ်ရှိ “ခေါနူး” ရွာကလေးကို မျိုးနွယ်စု အကြီးအကဲ ဘကြီးဖိုးမင်းထင် အုပ်ထိန်းစဉ်ကာလ၊ နိုင်ငံတော်လွတ်လပ်ရေးရရှိသည်။ ဖိုးမင်းထင်မှာ မျိုးနွယ်စုအကြီးအကဲသာမက နတ်ဆရာချုပ်နှင့် မုဆိုးခေါင်းဆောင် လည်း ဖြစ်၏။ ဘကြီးတွင် သားယောက်ျားမထွန်းကားခဲ့၍ ညီ၏ သားဖြစ်သူ ကျွန်တော့်ကို အမွေဆက်ခံသားအဖြစ် ပြန်လည်မွေးစား ခဲ့ရ၏။ သားအရင်းအဖြစ် နာမည်မှည့်ထုံးဓလေ့အတိုင်း “မင်းထင်နိုင်း” ဟု မှည့်ခေါ်၏။ ငယ်စဉ်ကပင် ဘကြီးထံ၌ နေရ၏။ မိဘအရင်းတို့က ခေါ်ပြောနှုတ်ဆက်ရုံမျှကိုပင် ဘကြီးက မကြိုက်တတ်ချေ။
ဘကြီးမရှိတော့လျှင် မျိုးနွယ်အကြီးအကဲတာဝန် ပြန်ယူရမည်ဖြစ်ရာ အပျင်းထူ၍တော့မရချေ။ ငယ်စဉ်ကပင် ဓါးလှံလေးမြားအတတ် မပြတ်လေ့ကျင့်ရ၏။ အကြီးအကဲဟူသည် ဓါးလှံလေးမြားအတတ် တစ်ဖက်ကမ်းခတ်ရပြီး ဧရာမသားကောင် ကြီးများကို သတ်ဖြတ်နိုင်သည့် မုဆိုးကျော်ကြီးဖြစ်ရန်လည်း အရေးကြီး၏။ ထိုသို့ လေ့ကျင့်စပြုနေရဆဲကာလ ရွာနှင့်တောင် တစ်ဖက်ခြားနေသည့် တုံကြီးရွာ၌ မူလတန်းကျောင်း စတင်ဖွင့်လှစ် လေသည်။ ခေါနူးရွာ လူငယ်များ စာသင်သွားရမည်ဟူသော အမိန့် ရောက်လာ၏။ တောတွင်းသားများ မျက်ကလူးမျက်ဆံပြာ တုန်လှုပ် ချောက်ချားသွားကြရကုန်၏။
“ဘကြီးသားကိုတော့ တုံကြီးရွာသွားပြီး ကျောင်းနေဖို့ မပြောနဲ့နော်၊ ဒီနယ်မှာ နာမည်ကြီးအောင် ဆင်ကြီးသုံးကောင်၊ ကျားကြီးခြောက်ကောင်၊ ၀ံကြီးကိုးကောင်လောက်ရအောင် မိန်းမ မယူခင် အမဲလိုက်ရဦးမှာ နတ်ဆရာအတတ်လည်း သင်ရဦးမှာ၊ အပျိုပိုးသီချင်းလည်း ဘာမှ မတတ်သေးဘူး”
မည်မျှပင် အကြောက်အကန် ငြင်းဆန်ပါသော်လည်း ဘကြီး၏ လေပြေအေးက ပြောင်းလဲခြင်းမရှိချေ။
“သားကို ကျောင်းမပို့ရင် ဘကြီးကို ရွာလူကြီးမထား တော့ဘူးလို့ ခရိုင်ဝန်မင်းကပြောလို့ဘဲ သူထားတာ မထားတာ ဘကြီး အတွက် ဘာအရေးအရာမှ မဟုတ်ပါဘူး။ ကိုယ့်မျိုးနွယ်ကို ဘကြီးက မအုပ်ချုပ်မထိန်းသိမ်းရင် ကစဥ့်ကလျားဖြစ်ကုန်ပြီး မျိုးနွယ်ညံ့တွေ ဖြစ်ကုန်ကြမှာ၊ တစ်နေ့ကျရင် သားကပဲ မျိုးနွယ်ကို ပြန်ပြီးကြီးကဲရမှာ၊ သားမှာ တာဝန်ရှိလာမယ်၊ ကြီးကဲမယ့်သူဟာ အနစ်နာလည်း ခံတတ် ရတယ်၊ သားက အနစ်နာခံပြီး တစ်နှစ်တစ်ခါလောက် ဟန်ပြလေး ကျောင်းသွားနေပြလိုက်ပါ”
ကြာလာတော့ ဘကြီး၏ အဆိုကို ကျွန်တော်လည်း စဉ်းစားလာရ၏။ ကျွန်တော်ကား ဘကြီး၏ တာဝန်ကို ဆက်ဆံရန် အမွေခံသားဖြစ်နေခဲ့၏။
“သူများရွာ စာသင်ကျောင်းမှာ တစ်နှစ်တစ်ဝါ ကြီးများ တောင် အလကားသွားထိုင်နေရမယ်ဆိုတာ နည်းတဲ့ကာလမဟုတ် ဘူးနော် ဘကြီး၊ နတ်ဆရာဂါထာတို့ အပျိုပိုးသီချင်းတွေဆိုတာ နေ့စဉ်သင်နေမှ ဖြစ်မယ့်ဟာ”
“နတ်ဆရာအတတ်ကိုတော့ သားကျောင်းပိတ် ပြန်လာတဲ့အချိန်မှာ ဘကြီးသင်ပေးသွားမယ်၊ သားအခုသွားနေမယ့် တုံကြီးရွာက တို့ပြန်ယူသင့်တဲ့ မျိုးနွယ်မိန်းကလေးရွာလေကွာ၊ သားက အပျိုးပိုးသီချင်းတတ်နေဖို့တောင် မလိုတော့ပါဘူး”
ချင်းတိုင်းရင်းသားတို့တွင် သမီးပျိုကိုယူရသည့်မျိုးနွယ် နှင့် ပေးရသည့်မျိုးနွယ်ဟူ၍ ပုံသေကွဲပြားရှိကြသည်။ မျိုးနွယ်အုပ်စု ဖွဲ့စည်းပုံအရ တုံကြီးရွာသူများမှာ ခေါနူးရွာသားများအတွက်သာ ဖြစ်တော့၏။ ခေါနူးရွာသားများကား ဘ၀ပေးကံကောင်းသူများဟု ဆိုသင့်၏ တုံကြီးရွာသူမှန်လျှင် အချောအလှချည်း ဖြစ်၍တည်း။
“ဒီလိုဆိုရင်လည်း စာသင်တစ်နှစ်လောက် အတက်ပြရ တာပေါ့ ဘကြီး”
မလွှဲမရှောင်သာ စာသင်ကျောင်းလာခဲ့ရသည် မှန်ပါ ၏။ ၀လုံးရေးတတ်လာသော် ပို၍ ရေးတတ်လာချင်၏။ အတန်းငယ် သို့ ရောက်လာသော် အတန်းကြီးကို အောင်ချင်လာ၏။ ဘကြီးနှင့် ကတိမှာလည်း စာသင်နှစ်တစ်ဝက်မှာပင် ပျက်ပြယ်သွားခဲ့၏။ အထက်တန်းကျောင်းသားကြီးဖြစ်လာလျှင် ရွာကလေးနှင့် ဘကြီးကို သတိရခြင်းပင် မရှိတော့ချေ။
ဆယ်တန်းအောင်သည့်နှစ်မှာပင် ကန်ပက်လက်မြို့နယ် ရုံးစာရေးကလေးအလုပ် ၀င်ရသည်။ မကြာမီ ယောနယ်မှ ရေရှင်ရွာ သူ မအောင်မေနှင့် လောင်းရှည်နယ် ဆီမီးခုံရွာသူ မချိုရည်တို့ စာရေးမလေးအဖြစ် ရောက်ရှိလာကြသည်။ မအောင်မေကို ချင်းတောင်ပေါ်သားတို့က “ဒိုမလေး” ဟု ခေါ်ကြသည်။ ချင်းစကား “ဒို” မှာ မြေပြန့်နေ မျိုးဆွေများဟု အဓိပ္ပါယ်ရှိသည်။ ယောသားတို့ ကမူ တောင်သားလူမျိုးဟု ခေါ်ကြ၏။ ချင်းစကားနှင့် စကားလုံးရင်း မြစ်တူကြသော်လည်း စကားအဖြစ်ဖွဲ့စည်းပြောဆိုလျှင် အသံပြောင်း၍ အလွယ်တကူ နားလည်နိုင်ခြင်း မရှိတော့ချေ။
ယောဒေသတွင် တောင်ယော၊ မြောက်ယော လေသံကွဲပြားကြသည်။ မချိုရည်မှာ တောင်ယောသံလည်းမက မြောက်ယောသံလည်းမကျ ချိုအီညှင်းပျောင်းသော သီးခြားလေသံ ရှိ၏။ အသံချိုသလောက် အပြောကောင်းသူကလေး ဖြစ်သည်။ သူကလေးနှင့် စကားရှာကြံပြောဆိုနိုင်ရန် သူတို့နှစ်ယောက်၏ ၀န်ထမ်းအိမ်ကလေးသို့ မီးလှုံအကြောင်းပြ ကျွန်တော် အမြဲရောက်တတ်၏။ နှစ်ဆယ့်လေးနာရီ မီးလှုံရသောဒေသ၌ ထင်းစည်းထမ်း၍လာသော ကျွန်တော့်ကို သူတို့ကလည်း ခင်မင်ဖော် ရွေရှိကြ၏။ တစ်နေ့ မီးဖိုဘေး ရောက်တတ်ရာရာ ပြောဆိုကြစဉ် ဘကြီးဖိုးမင်းထင်သည် ဖက်ရွက်ထီးကို ဆောင်းလျက် တက်လာလေ ၏။ အိုမင်းလှပြီဖြစ်သော ဘကြီးကိုယ်တိုင် ရွာမှလာရောက်ရှာဖွေ ခြင်းဖြစ်၍ ပူပန်သွားရလေ၏။
“ဘကြီး ဘာအရေးကြီးကိစ္စရှိလို့ မိုးထဲလေထဲ ခရီးဝေး ကို လာရတာလဲ၊ လိုတာမှာလိုက်ရောပေါ့”
“သားအတွက် ဓါးနတ်တင်ရမယ့်အချိန် နှစ်ခါလွန် သွားခဲ့ပြီ၊ သုံးခါလွန်လို့တော့ ဘယ်လိုမှမဖြစ်ဘူး၊ သား ရုံးအားမယ့် အချိန်လေးစုံစမ်းပြီး အခေါ်လာရတာ”
ချင်းတိုင်းရင်းသားတို့တွင် သားငယ်ကို မွေးစဉ်ကပင် ဓါးကို ဆုပ်ကိုင်စေလျက် နာမည်မှည့်ရသည်။ ထိုဓါးကို သေတစ်ပန် သက်တစ်ဆုံး ဆောင်ထားရ၏။ ကိုယ်စောင့်ဝိညာဉ်သည် ထိုဆောင်ဓါးကို စွဲမှီလျက် စောင့်ရှောက်သည်ဟု အယူရှိကာ အချိန် မှန်မှန် ဓါးနတ်တင်ကြခြင်းဖြစ်၏။ နတ်တင်လျှင် သတ်ဖြတ်သော တိရစ္ဆာန်များ၏ ခြေသည်းလက်သည်းများကိုသာ နတ်စာပို့ရပြီး အသားကောင်းမှန်သမျှ လူကသာစားရသဖြင့် ငယ်စဉ်ကမူ များစွာ သဘောကျခဲ့ပါ၏။ ယခုသော် ကျွန်တော်သည် နတ်တင်ခြင်း၌ စိတ်ပါဝင်စားတော့သည်မဟုတ်ချေ။
“ဘကြီးနဲ့တော့ အဲဒါခက်တာပဲ၊ ဓါးနတ်တင်ပေါင်းကလဲ များနေပါပြီ၊ ဘာမှဖြစ်ထွန်းလာတာမှမဟုတ်ဘဲ၊ နတ်တင်ဖို့ သတ်ဖြတ်မယ့် ကြက်ဝက်ဆိတ်တွေကို ငွေနဲ့ရောင်းပြီး အိမ်ကို သွပ်ဝယ်မိုးပါတော့လားလို့၊ အလကား အလုပ်ရှုပ်၊ အကုန်ခံ”
“မပြောကောင်းဘူး သားရဲ့၊ ဓါးနတ်အချိန်မှန် မတင်လို့မဖြစ်ဘူး၊ တို့က မင်းမျိုးဖြစ်နေတာကိုးကွယ့်”
“အမလေးဘကြီး၊ ဘကြီးကို မင်းမျိုးလို့ ဘယ်သူပြော လဲ၊ မင်းမျိုးဖြစ်ပြီး တောကြိုအုံကြားမှာ ဘာလို့ တောင်ယာခုတ်စား နေရတာလဲ၊ သားတို့ကျောင်းမှာသင်ရတဲ့ သမိုင်းရာဇ၀င် အစောင် စောင်မှာ ဘကြီးရဲ့ အမျိုးအဆွေနဲ့ နာမည်နီးစပ်မင်း တစ်ပါးတစ်လေ တောင်မရှိပါဘူး”
“သားတို့ ကျောင်းမှာသင်ရတဲ့ သမိုင်းစာအုပ်ကို မရေး ခင် ကမ္ဘေကမ္ဘာကတည်းက ဘကြီးတို့က “ကီ” မင်းမျိုးပဲ၊ ဆွေမျိုးမင်း တစ်ပါးက နေ၀င်တောင်မှာနေတယ်၊ “တူပ” မင်းက တိုက်ခိုက်လို့ ဘကြီးတို့ အဘိုးမင်းများနေတဲ့ နေထွက်တောင်ကို ပြေးလာကြတာ ပေါ့၊ ရှေးအဘိုးမင်းများက သန်လျက်လှံဓါးကိုပဲ ကိုင်ကြတာ၊ သန်လျက်လှံဓါးကိုင်သူ မှန်သမျှ တူပမင်းက သတ်မယ်ဆိုလို့ လှံဓါး အသွားတစ်ဖက်ကို တုံးလိုက်ကြတယ်၊ ဒီလို ဓါးသွားတစ်ဖက်တုံး ခဲ့ကြရတာကို ကျေအောင်လို့ ဓါးနတ်တင်ကြရတာ၊ အဲဒါကြောင့် “မင်းမှာ သန်လျက်၊ ချင်းမှာ ဓါးလက်” လို့ ဆိုထုံးရှိတာပဲ”
“စာတစ်လုံးမှမတတ်တဲ့ ဘကြီးနဲ့တော့ ခက်တော့တာပဲ၊ ဗမာမလေးတွေရှေ့မှာ စကားမကြမ်းချင်ဘူးဗျာ၊ ဘကြီးပြောတာတွေ ဘယ်သမိုင်းရာဇ၀င်စာအုပ်မှာမှ မရှိပါဘူးဆိုနေမှပဲ”
မချိုရည်နှင့် မအောင်မေတို့ကား ကျွန်တော်တို့ သားအဖကို မျက်လုံးအ၀ိုင်းသားနှင့် ကြည့်နေကြသဖြင့် လေသံနှိမ့် ချပြောရလေ၏။ ဘကြီးကတော့ သူ့အဆိုသာ အမှန်ဖြစ်ကြောင်း ညွှန်းဆိုလေ၏။
“ဘကြီးပြောတာ ရှေးစကားအမှန်ပဲ၊ သားသင်ရတဲ့ သမိုင်းကို ရေးတဲ့လူက ဘကြီးကို တစ်ခါမှ လာမေးမြန်းဖူးတာ မဟုတ်ဘူး၊ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ပဲ သိတာ၊ တစ်ခြားလူက ဘကြီးမင်းထင် ရဲ့ အဘိုးမင်းဆက်အကြောင်း ဘယ်သိပါ့မလဲ၊ သိလို့ရေးအုံးတော့ ဗမာစာနဲ့ရေး၊ ဗမာစကားနဲ့ပြောရင် ဗမာသံပေါက် နေမှာပေါ့၊ ချင်းစကားချင်းသံနဲ့ပြောရင် ရှေးအဘိုးမင်းကစပြီး ဘကြီးမှတ်မိ သလောက်ဆိုရင်… ”
ဘကြီးက သူ၏ အဘိုးမင်းဆက်များအမည်ကို ရေရွတ်ပြလေ၏။ မြန်မာအသံထွက်သို့ ဖလှယ်လိုက်သော် ဤသို့ အသံထွက်လာလေ၏။
“ပျူစောထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ် လည်၊ သေဉ်လည်ကြောင်၊ ကြောင်တူရစ်၊ ရစ်သည်တန်၊ သည်တန်သိုက်၊ သိုက်တိုင်မင်း … ဖိုးမင်းထင်၊ မင်းထင်နိုင်း”
ဟုတ်လှပေ၏။ ချင်းသံနှင့် ရေရွတ်တော့လည်း ချင်းနာမည်စစ်စစ်များသာ ထွက်လာလေ၏။ နာမည်မှည့်ပုံကိုက ခေါနူးရွာသားတို့၏ နာမည်မှည့်ပုံနှင့်တစ်ထပ်တည်း…။ ကျွန်တော်၏ ဘာသာပြန် ရေရွက်သံကြောင့် ချိုအီမလေးမချိုရည်က မေးမြန်းလေလျှင် အမှန်ဖြေဆိုလိုက်ရ၏။
“ဘကြီးက ရွာမှာရိုးရာနတ်တင်ဖို့ ကျွန်တော့်ကို ပြန်လာခေါ်တာ၊ ဘကြီးခြံက ပန်းသီးဦးတွေ မှည့်နေပြီ၊ မချိုရည်တို့ နှစ်ယောက် နတ်ပွဲလာရင်း ပန်းသီးထမ်း အလည်ခေါ်ခဲ့ပါတဲ့”
အတန်ကြာပြောဆိုတိုင်ပင်ကြပြီး ရွာသို့ လိုက်ပါလာ ကြရန် သဘောတူလိုက်ကြသည်။
လှလောင်းပန်ရွာလယ်ရှိ ဘကြီး၏ နေအိမ်ဦးအခန်း ထောင့်၌ ခေါင်အိုးရှည်မှ ခေါင်ရည်များပလုံစီတက်လျက်ရှိ၏။ ခေါင်အိုးဘေး၌ ထက်မြစွာသွေးထားသော ကျွန်တော်၏ ဆောင်ဓါး ကို လွယ်ပလိုင်း၌ ချပ်လျက်ချထားသည်။ လွယ်ပလိုင်းထိပ်၌ တူမီးသေနတ်ကြီး၊ လေးတိုလေးရှည်၊ လှံတိုလှံရှည်နှင့် သစ်ခုတ် ပုဆိန်ပြားတို့ကို အစဉ်အတိုင်းထောင်၍ထား၏။ ရှေးဦးစွာ ဓါးလှံလက်နက်တို့ကို ကြက်ဖဖြူကြီးနှင့် ကြက်နက်မကြီးတို့ဖြင့် ပသရမည်။ ပြီးလျှင် အိမ်ပြင်ထွက်၍ “ခန်းပူရှီ” အမည်ရှိ ကောင်းကင် နတ်မင်းကြီးကို ဆိတ်ဖားကြီး ဦးချိုကောက်၊ “ကျဲရှီသာ” အမည်ရှိ မြေမဟီစောင့်နတ်မယ်တော်ကို ၀မ်းဗိုက်ဖြူဝက်နက်မဖြင့် ပသရ မည်ဖြစ်သည်။ ထိုအချက်များနှင့် ညီညွတ်အောင် ဘကြီးမှာ အချိန်များစွာယူ၍ ရုန်းကန်ရရှာ၏။ ရွာသားတို့စုံလျှင် ဓါးနတ်ပသ မည့် ကြက်ဖြူဖကြီးကို ဘကြီးက ကမ်းပေးလေ၏။
“သား ဒီတစ်ခါတော့ သားကိုယ်တိုင် နတ်ပဆန်းလုပ်၊ သားက စာသင်သွားနေရတော့ နတ်ဆရာ နတ်ပဆန်းအတတ် ဟုတ္တိပတ္တိမသင်ကြား မတတ်မြောက်ဘူးဖြစ်နေတယ်၊ ယောက်ျား ဖြစ်ပြီး နတ်ပဆန်းအတတ်လောက်မှ မတတ်ရင် ဘယ်အမျိုးကောင်း သမီးကမှ လှည့်မကြည့်ဘူးကွယ့်”
နတ်ပဆန်းခေါ် နတ်ဆရာအတတ်ကို သင်ကြားရန် ဘကြီးက စီမံနေခြင်းဖြစ်၏။ နတ်အမျိုးမျိုး ပသနည်းအဖုံဖုံ၊ နဘေထပ် ကာရန်ရှည်၊ လေပျော့လေပြင်း မာန်သွင်းပြောဆိုရသည် ဖြစ်၍ ကျွန်တော်နှင့် နီးစပ်ခြင်းမရှိတော့ပေ။ ကြက်ဖြင့်သပလျှင် ကြက်ကို လည်မျိုမှ ဦးစွာ ညှစ်သတ်ပြီး လည်ကိုလှီး၍ သွေးကို လိမ်းရ၏။ အထူးသဖြင့်ကား ဘုရားသွားကျောင်းတက် ၀တ်မပျက် တတ်သော မချိုရည်ရှေ့၌ ကြက်လည်ညှစ်သတ်နေခြင်းကို အထူးပင် မလုပ်လိုချေ။
“လှည့်မကြည့်ချင်တဲ့ မိန်းကလေး လှည့်မကြည့်စေနဲ့၊ မလုပ်တတ်ဘူး၊ နတ်စကားလည်း မပြောတတ်ဘူး။ ခါတိုင်း ဘကြီး လုပ်နေကျ၊ လုပ်လိုက်တာမဟုတ်ဘူး”
“အေး မလုပ်တတ်မှန်းသိလို့ တတ်အောင်သင်နေရ တာကွ၊ ကြက်လည်ကို သေချာညှစ်၊ ပြောရမယ့်ဟာ ဘကြီးရှေ့က ဆိုပြမယ်၊ နောက်က သေချာလိုက်ဆို”
“မဆိုချင်ပါဘူး ခက်ကခက်နဲ့၊ ကြက်လည်မျိုလည်း ညှစ်မသတ်ချင်ပါဘူး၊ သားက ဗုဒ္ဓသာသာဝင်ဗျ၊ သားကျောင်းသွား နေတဲ့ ဆောမြို့က တောင်ကျောင်း မြောက်ကျောင်း ဘုန်းဘုရားများ က သားကို သိပ်ခင်ကြတာ၊ ဘုရားရှိခိုးစာသင် ဘုရားရှိခိုးပြီးနေတာ”
“အေးလေ သားဗုဒ္ဓဘာသာလို ဘုရားရှိခိုး စာသင်ရ သလို နတ်တင်တဲ့အမျိုးကမွေးလားတဲ့လူက နတ်တင်စကား လည်း သင်ရမှာပဲ၊ သားကဒါ လောက်လေးမှနားမလည်ဘူးလား၊ လူထဲမှာနေရင် လူလိုလည်းဖြစ်အုံးမှ”
ဘကြီးက လျှော့မည့်ပုံမရှိ၊ ကျွန်တော်ကလည်း အလျှော့ပေးလိမ့်မည်မဟုတ်ချေ။ “အချိန်ဆွဲမနေနဲ့ ဘကြီး၊ မိုးချုပ်ကုန်လိမ့်မည်၊ လုပ်စရာရှိတာ ဘကြီးလုပ်” “စကားမရှည်နဲ့ မင်းထင်နိုင်း…၊ ဒီကြက်ဖလည်ပင်းကို ဒီလိုကိုင်စမ်း” “မကိုင်ချင်ပါ ဘူးဆို”
အငြင်းအခုံဖြစ်နေကြသည်မှာ အချိန်များစွာ ကြာလေ၏။ ဘကြီးနှင့် ကျွန်တော့်ကို မျက်လုံးအ၀ိုင်းသားစိုက် ကြည့်နေသော မချိုရည်က အနားကပ်ပြောလေ၏။
“ဟဲ့ ကိုမင်းထင်၊ ရှင်ပညာတတ်ဖြစ်နေပြီးတော့ ဒီလောက်တောင် မြော်မြင်သွေးခေါ်ညံ့ရသလားဟဲ့၊ လူကြီး မိဘစိတ်ချမ်းသာအောင် လုပ်လိုက်တာမဟုတ်ဘူး၊ ရှင့်ဘကြီး အလိုကို လိုက်ရလို့ ရှင်ဘာကြီး ထိခိုက်သွားမှာမို့လို့လဲ။ အလကား လူကြီး စိတ်ညစ်အောင်လုပ်နေ”
မချိုရည်စကားကြောင့် ဥာဏ်အလင်းရသွားလေ၏။ ဘကြီး၏ စိတ်လက်ချမ်းမြရှိရရေးကိုသာ ကျွန်တော် ဦးစားပေး သင့်သည်မှာ မှန်လှပေ၏။
“ပေး ဘကြီး ဓားလှံပေါ်ကို ကျွန်တော် ကြက် လည်ညှစ်သတ်ပြီနော်၊ ဆိုပေးရမယ့် စကားပဲပြော”
ကြက်ဖကြီး တဖုန်းဖုန်းတောင်ပံ ရုန်းကန်နေစဉ် ဘကြီးက ဆိုရမည့်စကားကို ချပေးလေ၏။ မြန်မာဘာသာပြန်ဆို လိုက်ပါ၏။
“မင်းဖျားယခင်၊ ရှေးအစဉ်မှ သခင်စောင့်လျက်၊ ရန်ပယ်ဖျက်သည့်၊ သန်လျက်လှံဓား၊ ၀ိညာဉ်များကို၊ ခွန်အား ကြီးသူ၊ ဖြစ်စေဟူ၍၊ ကြက်ဖြူကြက်နက်၊ ကြက်သွေးစက်ဖြင့်၊ ဖျန်းပက် တင်မြှောက်၊ ချိန်ခါရောက်၏၊ ၀မ်းမြောက်ရွှင်ပျ၊ ရှိကြလော့”
ကြက်နှစ်ကောင် ညှစ်သတ်ပြီးသော် လည်ကိုလှီး၍ ကြက်သွေးဖြင့် လူနှင့်ဓားလှံများအားလိမ်းကျံ ဆေးကြောပေးရ၏။ အဆက်မပြတ်ဆိုရသည့် နတ်တင်စကားကို ဘကြီးက ရှေ့က တိုင်ပေးလေ၏။
“စမ်းရေအသွင်၊ လန်းကြည်လင်၍၊ ယခင် မင်းတြား၊ “ကီ” မင်းဖျား၏၊ သွေးသားနွယ်လာ၊ မင်းရာဇာမျိုး၊ အာဏာ စက်ဘုန်း၊ မိုးသို့ချုန်းအောင်၊ စုရုံးညီညာ၊ စောင့်ရှောက် ပါလော့၊ ထက်စွာသွေးသား၊ ဤဆောင်ဓား၏၊ ငယ်ဖွားအရှင်၊ ဓားသခင်ကား၊ မင်းထင်နိုင်းဟု၊ ခေါ်တွင်ပြု၏၊ ဤလူ့ရွာမြေ၊ ကြီးပွားစေ၍၊ မျိုးဆွေစောင့်ရှောက် စေသတည်း”
လူနှင့် လက်နက်များ ကြက်သွေးလိမ်းကျံပြီးသော် ဘကြီးကိုယ်တိုင် ကြက်တောင်ပံများပန်ဆင်ပေးလျက် မန်းမှုတ် ပြောဆိုလေ၏။
“ခေါနူးစုမ်အရှင်၊ ကီမင်းသခင်၊ မင်းထင်နိုင်းကား၊ ဓားသွားထက်သလို ထက်စေသတည်း၊ လုံးဖျားချွန်သလို ချွန်စေ သတည်း၊ မြားချွန် စူးပေါက်သလို ပေါက်ရောက်စေသတည်း၊ ကျောက်တောင်မာသလို မာစေသတည်း၊ တောင်ထိပ် မြဲသလို မြဲစေသတည်း၊ ရန်ထိုထို ရန်ကိုဖြို၍ ပြိုစေသတည်း”ဟူ၏။
မချိုရည်နှင့်မအောင်မေတို့က အံ့ဖွယ်ဆန်းပြား မြင်ကွင်းများအဖြစ် ကြည့်ရှုနေကြလေ၏။
ဓားနတ်တင်ပွဲ ညဥ့်နက်မှ ပြီးစီးလေ၏။ မချိုရည်နှင့် မအောင်မေတို့ အခန်းငယ်ထဲဝင်အိပ်ကြလျှင် ကျွန်တော်လည်း ငယ်စဉ်ကအိပ်နေကျ နံရံကပ်စင်ကလေးပေါ် တက်အိပ်လေ၏။ အိပ်ပျော်၍ မည်မျှမကြာလိုက်။ ဘကြီးက လှုပ်နှိုးလေ၏။
“သားရေ ထတော့၊ ရောင်နီဦးလားပြီ၊ သားဦးကြီး ဦးဟာရှင်းက သားအတွက် အရုဏ်ဦးနတ်တင်ပေးမလို့တဲ့၊ စာရေးမလေးနှစ်ယောက်ကတော့ ချင်းလိုစာတတ်မှာ မဟုတ်ပါဘူး၊ အိမ်မှာပဲ နံနက်စောစာစားကြပါစေ၊ သားက ညနေအချိန်မီပြန်ရမယ် ဆိုလို့ သားဦးကြီးက စောစောစီးစီးစီစဉ်ရတာ၊ သားဦးကြီးသမီးလေး မရှင်းရှိုင်းလည်း ဒီနွေဆို ပါးမည်းကွက်ပြည့်စုံတော့မှာ၊ ဘကြီးက သားအတွက် ရည်စူးပြီးသားကွယ့်”
ဆွေမျိုးရင်းများက ကုသိုလ်ကံကောင်းပါစေရန် ရည်သန်ပြုလုပ်ပေးသော နတ်တင်ခြင်းကို ငြင်းဆန်ခွင့်မရှိရာ ဘကြီးကိုပြန်လည်အော်ငေါက်ရင်း ထရလေ၏။
“ဘကြီးရေ မျက်နှာပြဲပြဲပါးမည်းမည်းနဲ့ ပေးစားဖို့တော့ စိတ်ကူးထဲထည့်မနေနဲ့၊ အခုအခန်းထဲမှာ တခေါခေါအိပ်နေကြတဲ့ ဒိုသူမလေးနဲ့ယောသူမလေးကို ဘကြီးမြင်တယ်မဟုတ်လား၊ ယောသူမလေးဆိုရင် ဖြူဖွေးနုရွ လှပနေတာပဲ၊ ပါးမည်းကွက်နဲ့ မိန်းကလေးဆိုရင် ရွှေနဲ့ကွပ်ထားရင်တောင် သားကတော့ ဆောရီးပဲ”
အချိုရည်နှင့်မအောင်မေကား သားအဖစကားကို ကြားသည့်တိုင်း နားလည်နိုင်ကြမည်မဟုတ်သည့်အပြင် ခေါ၍ ကောင်းနေကြဆဲ။
“အမလေး လေ၊ ငါ့သားက ဒီအသက်အရွယ်ကြီး ရောက်လာတာတောင် မိန်းကလေးအလှအပကို မကြည့်တတ်သေး ပဲကိုး၊ ယောသူမတွေ ဗမာမလေးတွေက မျက်နှာမှာ ပါးမည်း ကွက်မရှိ ဘာမရှိနဲ့၊ ဖြူပြောင်ကြောင်တောင်ကြီးတွေ၊ ဘယ်ကလာ ကြည့်လို့လှလိမ့်မတုန်းကွာ၊ ကြာကြာကြည့်လေ ဖြူကြောင်လေနဲ့ တော်တော်အရုပ်ဆိုးတာကလား၊ ဒါမျိုး မစဉ်းစားနဲ့”
ချင်းတိုင်းရင်းသူတို့ ပါမည်းကွက်ရေးထိုးမှ လှပသည် ဟူသော အယူအစွဲကား အရိုးစွဲလျက်ပင် ရှိကြသေး၏။ ဘကြီးနှင့် ကျွန်တော်ကား အမြင်ချင်းများစွာ ကွာလှမ်းသွားခဲ့ကြ လေပြီ။
“ပါးမည်းကွက်ထိုးတာကမှ အလှအပကိုဖျက်ဆီးတာ ဘကြီးရဲ့၊ ချင်းမချောချောလှလှတွေ ဗမာရှင်ဘုရင်များ တော်ကောက်လွန်းလို့ အလှပျက်ရအောင် ပါးမည်းထိုးရတယ်လို့ သူများပြောတာကြားဖူးတာပဲ၊ ပါးမည်းထိုးတာကမှ တကယ့်ကို ကြည့်လို့မလှတာ ဘကြီးရဲ့”
“ဘယ်ဗမာရှင်ဘုရင်မက ချင်းတောင်တောနက်ထဲကို လာပြီး ထဘီဝတ်ခေါင်းစုတ်ဖွားချင်းမများကို တော်ကောက်မနေ ဘူးသား၊ ကြိုက်လွန်းလို့ ကောက်ချင်အုံးတောင် တစ်ယောက်စကား တစ်ယောက်နားမပေါက်ကြတာနဲ့ပဲ အလုပ်ဖြစ်မှာမဟုတ်ဘူး၊ မိန်းမလေးပါးမည်းထိုးတယ်ဆိုတာ ပါးမည်းကွက်ကလေးနဲ့ အလှအပပြည့်စုံလာတော့ ပြန်ယူသင့်တဲ့မျိုးနွယ်က ချစ်ခင်စွဲလမ်းသွား ရအောင် ထိုးကြတာ၊ ပါးမည်းကွက်မပြည့်စုံဘဲ အိမ်ထောင်ပြုရင် နတ်မကြိုက်ဘူး၊ သားပြန်လာတုံး သူ့မိဘကိုပြောစရာလေး ပြောထားမှ”
ချင်းတိုင်းရင်းသူတို့ ပါးမည်းထိုးရခြင်း၏ အကြောင်း ရင်းမှန်ကား ဘကြီးဖိုးမင်းထင်၏ အဆိုသာလျှင် ဧကန်ဒိဋ္ဌအဖြေမှန် ဖြစ်၏။ ဗမာရှင်ဘုရင်တော်ကောက်၍ ဟူသောစကားမှာ ကိုလိုနီ ခေတ် သွေးခွဲစကားသာဖြစ်သည်။ ဘကြီးနှုတ်ကျွံလျှင် ထုံးဓလေ့အရ ရှုပ်ထွေးမည်ဖြစ်၍ အပြတ်ပြောလိုက်ရ၏။
“ဘကြီးရေ…၊ သားကတော့ ပါးမည်းထိုးတဲ့ မိန်းကလေးဆိုရင် လုံးဝမယူဘူးပဲ”
“သားရေ…၊ ဘကြီးလည်း ပါးမည်းမထိုးတဲ့ မိန်းကလေးဆိုရင် လုံးဝမယူဘူးပဲ”
“ဒါဆိုရင်လည်း ဘကြီးဘာသာဘကြီး ယူလိုက်တော့၊ သားက အခုလာတဲ့ ယောသူမဆီမီးခုံသူ မချိုရည်နဲ့ယူကြဖို့ သဘောတူကြပြီးပြီဗျ”
မချိုရည်အပေါ်စွဲလမ်းစိတ်သည် ဘကြီးကို ချည်တုပ်ပြီးစကား လွှတ်ခနဲထွက်ဆိုမိခဲ့စေတော့၏။
“ဖြူဖြူရှည်ရှည် အသံညှောင်ညှောင်လေးကို၊ သူ့နာမည်က မချိုရည်ဟုတ်လား”
“ဟုတ်တယ်ဘကြီး ဒီနယ်က ချင်းမိန်းကလေးကိုယူရင်၊ မိန်းကလေးတန်ဖိုး အနည်းဆုံး နွားနောက်ငါးကောင်နဲ့ ရွှေနားကွင်း ဆယ်ကွင်း ချက်ချင်းပေးရတယ်လေ၊ မချိုရည်က ဒီလောက်တန်ဖိုး မရှိပါဘူး၊ ဘကြီး အကုန်အကျသက်တာပေါ့၊ သူ့မိဘတွေက ယောဗမာတွေဆိုတော့ သွေးသောက်ရေ ဈေးနည်းနည်းလျှော့ ပါအုံးလို့ ဈေးလျှော့ခိုင်းရင် ရနိုင်တယ်၊ ခေတ္တစောင့်ပါ၊ နောင်နှစ်ခါ ပေးပါ့မယ်ဆိုပြီး ဘကြီး အီးယောင်ဝါးလုပ်နေရင်တောင် ဖြစ်နိုင်သေး၊ သူတို့က နွားနောက်သုံးတာမှ မဟုတ်ဘဲ၊ ဘကြီးက နတ်အမျိုးမျိုးကို ဆိတ်ဝက်တွေသတ် နတ်တင်နေတာ ကိုလည်း မချိုရည်သဘောကျ မှာပါ၊ ဆိတ်သားဝက်မကြိုက်တဲ့ယောသူ မရှိပါဘူး”
တစ်ဖက်မှ ဘကြီးနှုတ်မလွန်စေရန်နှင့် သဘောတူ လက်ခံလာစေရန် စည်းရုံးခြင်းဖြစ်၏။ သားအဖ ပြောဆိုနေကြစဉ် သူတို့ထံမှ နိုးတစ်ဝက်အသံများကြားရ၏။ အိပ်ရေးမပျက်စေလိုသဖြင့် အသိမပေးတော့ဘဲ ညီမလေးကိုသာ မှာကြားခဲ့ရ၏။
“ဟိုမမနှစ်ယောက်နိုးလာရင် နံနက်စောစာကို ကြက်ကြော်ဝက်ကြော်နဲ့ ကျွေးလိုက်၊ ပြီးရင် ပန်းသီးခြံထဲက အရင့်ဆုံး အကြီးဆုံးပန်းသီးတွေ သွားခူးကြ၊ ဦးကြီးအိမ်မှာ နေ့လည်စာစားခါနီး တော့မှ အားလုံးကိုတစ်ခေါက် ပြန်လာခေါ်မယ်”
ပြောဆိုမှာ ကြားခဲ့ပြီး ဦးကြီးအိမ်သို့ ထွက်ခဲ့၏။
ဦးကြီးဦးဟာရှင်းက ၀က်ပေါက်ငယ်ကိုလည်းလှီးပြီး ကျွန်တော့်အတွက် ချွန်စေ၊ မွန်စေ၊ အောင်စေသောဟုရေရွက်ကာ နတ်ဒေ၀တာများကို ပသသည်။ ထိုဝက်သားကို ချက်ပြုတ်ရန် ညီမလေးဟာ ရှင်းရှိုင်းက ပြင်ဆင် လျက်ရှိ၏။ ဖွေးဥပြန့်ပြူးသော နဖူးပြင်လေးပေါ်တွင် နတ်တိုင်အမှတ်အသားပါးမည်းကွက်က အရုပ်ဆိုးလှစွာ ဖုံးလွှမ်းထားသည်။ နီထွေးဖောင်းမို့သော ပါးပြင် ကလေးပေါ်၌ အဓိပ္ပါယ်မဲ့အနက်ကွင်းကြီးများက အကျည်းတန်လှ စွာဖုံးအုပ်ထားသည်မှာ မေးစေ့သို့ရောက်လုနီးပြီ၊ ပန်းရောင်စိုနှုတ်ခမ်း ထူကွေးလေးကို အလှဖျက်မည့်ဆေးမည်းစက်တို့ တစ်ဝက်တစ်ပျက် ရေးထိုးဆဲ။ ထူထဲသော မျက်ခုံးနက်လေးအောက်မှ မျက်နက်ဝန်းကမူ အရောင်တောက်၍လင်းလက်နေ၏။ မျက်နှာပေါ်က ဆေးမည်းစက် များကို စိတ်အာရုံမှ ဖယ်ရှားကြည့်လိုက်လျှင် နတ်သူဇာမက ထင်မှားရလောက်၏။ အတန်ကြာခိုးကြည့်ပြီးမှ ရင်နင့်လှစွာ မျက်နှာ လွှဲလိုက်ရ၏။
ဟာရှင်ရှိုင်း ချက်ပြုတ်နေရသဖြင့် ကျွန်တော့်အား နံနက်စောစာကျွေးရန် ဦးကြီး၏ သမီးအထွေးဆုံးမလေး မဟာရှင်းရွှေကို တာဝန်ပေးကြသည်။ သူကလေးကား လူလား မမြောက်တတ်သေး၍ ပါးမည်းထိုးရန်အချိန်မကျသေးပါ။ ဆတ်သား ထောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ကျွန်တော့်အား ခွံ့ကျွေးရန်ပြင်လေ၏။ တောင်ပေါ်ချင်းဓလေ့ ဧည့်ခံခြင်းဟူသည် ကိုယ်တိုင်ယူငင်စားသောက်ရသည် မဟုတ်ပေ။ အိမ်ရှင်တို့ ခွံ့ကျွေးရမြဲဖြစ်၍ ကျေနပ်လောက်အောင် စားပေးရသည်။
“ကိုကိုကြီး ပါးစပ်ဟတော့လေ၊ ညီမလေးခွံ့နေတာ ကြာပြီ”
“ညီမလေး ဟာရှင်းရွှေက မမဟာရှင်းရှိုင်းလို ပါးမည်း မထိုးဘူးလို့ ကတိပေးမှ ကိုကိုကြီးစားမယ်၊ မဟုတ်ရင် မစားဘူး”
“အဖေအမေတို့ကို ပြောခဲ့လေ ကိုကိုကြီးရဲ့ ” ညီမလေး ဟာရှင်းရွှေးကား သွက်လက်လှ၏။ ကျွန်တော်လည်း ချက်ချင်းပင် ဦးကြီးထံသို့ စကားလမ်းကြောင်းလွှဲ လိုက်လေ၏။
]]ဦးကြီး ဒီညီမလေးဟာရှင်းရွှေကို ပါးမည်းမထိုးတော့ ဘူးလို့ကတိပေးမှ ညီမလေးခွံ့တာ ကျွန်တော်စားမယ်}}
“ဦးကြီး ထုံးစံဆိုတာ ကောင်းတာရှိတယ်၊ မကောင်း တာရှိတယ်၊ ဆတ်ထောင်းခွံ့တာ ကောင်းတဲ့ထုံးစံဖြစ်တယ်၊ မိန်းကလေးပါးမည်းထိုးတာ မကောင်းတဲ့ထုံးစံဖြစ်တယ်၊ မကောင်းတဲ့ ထုံးစံကို ပယ်ရမယ်၊ မဟုတ်ရင်တော့ မစားချင်ဘူး ဦးကြီး”
“ထုံးစံဆိုတာက ထုံးစံရှိတာကို ပြောတာပါကွယ်၊ မောင့်အဖေဘကြီးဖိုးမင်းထင် ခဏခဏတိုက်တွန်းနေလို့သာ သမီးကြီးဟာရှင်ရှိုင်းကို သူ့အဘွားက ပါးမည်းထိုးသွားတာ၊ တစ်ဝက်တစ်ပျက် ဖြစ်နေလို့ ဆက်ထိုးခိုင်းရတာပါ၊ ဒီရွာမှာ ဘယ်မိန်းကလေးမှ ပါးမည်းကွက်မထိုးရလို့ မောင့်အဖေဘကြီး ကြေညာလိုက်ရင် ပြီးတာပါပဲ”
လက်စသပ်တော့ ဟာရှင်းရှိုင်း၏ ပါးမည်းအမြန်ထိုး ရခြင်း၏ လက်သည်တရားခံမှာ ကျွန်တော်၏အဖေ ဘကြီးသာ ဖြစ်တော့သည်။ ဘကြီးဘက်သို့ မြားဦး လှည့်ရပြန်၏။
“ဒီလိုဆိုရင် ဘကြီးက ကတိပေးလေ”
“သားညီမလေး အစားခွံ့ဖို့လက်ကမ်းထားရတာ အချိန်အကြာကြီး အားနာစရာ၊ ဘကြီးကတိပေး ပါတယ်၊ စားလိုက် သား”
ကျွန်တော်လည်း နံနက်စောစာကို ပျော်ရွှင်စွာစား လေ၏။ နေမြင့်လာသည်နှင့် အချိုရည်နှင့် မအောင်မေကိုခေါ်ရန် အိမ်ပေါ်ပြန်တက်လာခဲ့၏။ နှစ်ယောက်စလုံး မရှိကြတော့ဘဲ အလုပ်အကျွေးထားခဲ့သော ညီမထွေးကသာ ပြန်လည်သတင်း ပို့လေ၏။
“သူတို့ အိပ်ယာထထချင်း ပြန်သွားကြတယ် ကိုကိုကြီး၊ ခူးပြီးသားပန်းသီးတွေကိုတော့ အကြီးဆုံးတွေ ရွေးထမ်းသွားကြတာပဲ၊ ခြံထဲထပ်မခူးတော့ဘူးတဲ့”
မကျေမနပ်ထွက်သွားကြမှန်း သိသာသည်။ အပြန်လမ်း တစ်လျှောက် သစ်ခွပန်းကောက်ရန် တိုင်ပင်ထားကြပြီးဖြစ်သည်။
“သူတို့ ဘာတွေပြောသွားလဲ ညီမလေး”
“ဟို ဖြူဖြူရှည်ရှည် ချောချောလေးက ဗမာမလေး မဟုတ်ဘူးတဲ့ ကိုကိုကြီးရဲ့၊ သူ့အဖေက ဒီ ကန်ပက်လက်နယ် ‘ခါလွယ်ခါ’ ရွာကလို့ပြောတယ်၊ သူ မူလတန်းတက်တုန်းမှာလဲ သူ့အဖေစစ်သား တိုက်ပွဲကျသွားလို့ သူ့အမေက ယောသား ရဲဘော်နဲ့အိမ်ထောင်ပြန်ကျပြီး တပ်ကထွက်တော့ ယောထဲမှာနေကြ တာတဲ့ ၊ချင်းစကား သိပ်မပြောတတ်တော့ပေမယ့် ကောင်းကောင်း နားလည်တယ် ပြောတယ်၊ ညီမလေးကိုတောင် ချင်းစကားနဲ့တစ်မျိုး လေးနှုတ်ဆက်သွားသေးတယ်၊ ပန်းသီးကြီးတွေက တန်ဖိုးရှိလိုက်တာ မချိုရည်တို့ကတော့တန်ဖိုးမရှိပါဘူး ညီမလေးရေတဲ့” ချက်ချင်း သဘောပေါက်လိုက်ပါ၏။ သို့ကြောင့်သာမချိုရီမှာ ယောလေသံ မထွက်ဘဲ သီးခြားလေသံရှိနေခြင်းဖြစ်ပေ၏။ ဘကြီးကို ကျိုးကြောင်း ပြောပြလိုက်၏။
“ဘကြီး မချိုရည်က ဒီကန်ပက်လက်နယ် ခါလွယ်ခါ ချင်းမိန်းကလေးပဲ၊ ချင်းစကားလည်းမပြော၊ ပါးမည်းလည်းထိုးမထား တော့ သားက ယောဗမာမလေးမှတ်နေတာ၊ သူတို့က အိပ်ချင်ဟန် ဆောင်ပြီး သားတို့စကားပြောတာ နားထောင်နေတာဗျ”
“ကောင်းပါကွာ ခါလွယ်ခါနယ်သူတွေလည်း သားတို့ရဲ့ ကြင်ဖက်မျိုးနွယ်တွေပဲ၊ သားတို့ချင်း သဘောတူကြပြီးသားဆို၊ မနေ့ကနတ်တင်တဲ့ ဆိတ်ပေါင်နဲ့ဝက်လက် ယူသွားပေးလိုက်ပါ၊ ဘယ်သူကိုဆိတ်ပေါင် ဘယ်သူ့ကိုဝက်လက်ပေးရမလဲ စဉ်းစားနေ တာ”
ဦးကြီးအိမ်၌ နတ်စာပစ်ပြီးမှပြန်ထွက်လာရသည်ဖြစ်၍ မိုးချုပ်မှ ကန်ပက်လက်ပြန်ရောက်သည်။ ရောက်ရောက်ချင်း ဆိတ်ပေါင်နှင့်ဝက်လက်ကိုဆွဲပြီး ထွက်လာခဲ့လေ၏။ အိမ်ပေါ်တက် သွားလျှင် မချိုရည်တစ်ယောက်တည်းသာ ရှိနေလေ၏။
“မအောင်မေ တစ်ယောက်ကော မချိုရည်”
“ဦးကြီးအောင်မောင်းတို့နဲ့ ကားကြုံရှိတုန်း ရေရှင်ပြန် လိုက်သွားတယ်၊ ခွင့်တစ်ပတ်တင်သွားတယ်၊ ကျွန်မလဲ အခုပဲ စာရေးကြီးအိမ် အိပ်ဖို့သွားတော့မလို့”
မချိုရည်က ထိုမျှသာပြောပြီး နောက်ဖေးခန်းသို့ ပြေးဝင်သွားသည်။ ဒိုင်းခနဲ တံခါးပိတ်သံနောက်ဖေး လှေကားမှ တဒုန်းဒုန်းပြေးဆင်းသွားသံကြားရသည်။ အချိန်ကြာမြင့်စွာ ငေးငိုင်နေရာမှ ဆိတ်ပေါင်နှင့်ဝက်လက်ကို မီးဖိုထဲပစ်သွင်းလိုက်ပြီး ပြန်လည်ခုန်ဆင်းလာခဲ့၏။ ထိုဆိတ်ပေါင်နှင့်ဝက်လက်မှာ ဘကြီးဖိုးမင်းထင်က ကျွန်တော့်အတွက် နောက်ဆုံးတင်ပေးခဲ့သည့် ဓားနတ်တင်စာဖြစ်သကဲ့သို့ ကျွန်တော့်ဇာတိရွာကလေးသို့ ချိုအီမလေးမချိုရည်၏ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ ခြင်းလည်း ဖြစ်ခဲ့ရရှာတော့၏။
အခန်း (၁)
ဘ၀တစ်ကွေ့မှာ လမ်း လျှောက်ရင်း အရှုံးနဲ့ ရင်ဆိုင် ခေါင်းငုံ့ အိမ်ပြန်တဲ့ လမ်းဝယ် …။
ကားလမ်းမကြီး တစ်လျှောက် နီရွန်မီးနဲ့ ထိန်ထိန်လင်းလို့ လမင်းကို ဘယ်သူမှ မတကြဘူး။ သြော် … မြို့ပြ … မြို့ပြ။ ကမ္ဘာကြီးက အေးစက်စက် လေတွေကို မှုတ်ထုတ်ပြီး ငါ့ကို လှောင်နေ သလား။ အားလုံး … ငါတောင်းပန် တယ်။ ငါ့အမှားပါ၊ ငါ့အမှားအတွက် ငါဟာ ရှုံးနိမ့်သူပါ။ ကျေးဇူးပြု၍ မလှောင်ကြပါနဲ့။ မကဲ့ရဲ့ကြပါနဲ့။ မရှုတ်ချကြပါနဲ့။ ငါဟာ ခေါင်းငုံ့ပြီး ပြန်လာတာပါ။
ဒီနေ့အတွက် ငါဟာ အရှုံးကြီး ရှုံးသူ၊ တစ်ဘ၀စာ ရှုံးဆုံးခဲ့ပြီ။ ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်တော့ဘူး။ ဘယ်လိုမှ ဖြေမဆယ်နိုင်ဘူး။ ငါ့ကို ဘယ်သူမှ မနှစ်သိမ့်တဲ့အပြင်၊ အေးစက်တဲ့ မျက်လုံး တွေနဲ့ကဲ့ရဲ့ကြ၊ တည်ငြိမ်တဲ့ နှုတ်ခမ်းသားတွေ နဲ့ လှောင်ပြောင်ကြ။ ငါဘယ်လို ရင်ဆိုင်ပြီး၊ ဘယ်ရင်ခွင်မှာ ငိုကြွေးရမလဲ …။
မေးခွန်းများနဲ့ ငါပြန်အလာ …
“ဟင် … ပြောင်းဖူးပြုတ်”
“ဖိုးသား … ၀ယ်သွားဦး မလား …။ ပြောင်းဖူးပြုတ် ချိုချိုလေးလေ၊ လတ်လတ်ဆတ်ဆတ် တောင်ပေါ်ကသွား ၀ယ်ရတာနော် …။ ဒီမှာ နည်းနည်းပဲ ကျန်တော့တာ၊ သူများတွေ အရမ်းကြိုက် တာနော်”
ဈေးသည် ပီပီ အရောင်းတော့ ကောင်းသားနော်။ မီးဖိုးထိပ်က ထွက်လာတဲ့ အခိုးအငွေ့လေးတွေ နတ်မိမယ်ရဲ့ ကိုယ်သင်း ရနံ့များအလား ကျွန်တော့်ကို စွဲဆောင်ယူကြ တယ်။ ထမင်းမစားရသေးတဲ့ ၀မ်းကလည်း နတ်မိမယ်လေးကို မရရင် သေရမဲ့အတိုင်းပဲ။
“တစ်ဖူးပေးပါ”
“နှစ်ရာ ဖိုးသား၊ တစ်ဖူးပဲလား၊ နောင်တမရနဲ့နော်၊ နောက်ညတွေဆိုရင် မရှိ တော့ဘူးနော်။ မရှိခါမှ တသသဖြစ်နေအုံး မယ်”
“ဈေးကြီးလိုက်တာဗျာ”
“ဟေ့ … စားပြီးခါမှ ဈေးချို လိုက်တာနော် မပြောမိစေနဲ့၊ တောင်ပေါ်က ခက်ခက်ခဲခဲ သွားဝယ်ရတာ…။ ချိုစိမ့်နေ တာပဲ မယုံရင်စားကြည့်”
ညဥ့်နက်နေပြီ၊ အိမ်ပြန်ရ အုံးမယ်၊ အချိန်ဖြုန်းလို့မဖြစ်ဘူး ဆိုတဲ့ အသိနဲ့ ကျွန်တော် လှည့်ထွက်လာခဲ့တယ်။ တောင်ပေါ်၊တောင်ပေါ်ဆိုတာ ဘယ်တောင် ပေါ်လဲ ကျွန်တော့်ကို လှောင်တာ များလား …။ မြို့ပြလမ်းမအတိုင်း အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ ကျွန်တော် ပြန်လာခဲ့တယ်။ စွဲဆောင် အားကောင်းနေတဲ့ ပြောင်းဖူး (တောင်ပေါ်က ခက်ခက်ခဲခဲဝယ် ရတဲ့) ကို ဒီည၀မ်းစာအတွက် ကိုက်စားမိခါမှ …။
“ချိုစိမ့်နေတာပဲ ဟ၊ နောက် တစ်ဖူးလိုချင်လိုက်တာ …”
ထိုတစ်ခဏ အချိန်မှာ ဆောင်း လေပြေအေးလေး ကျွန်တော့်ကို ရစ်ပတ်လာ တယ်။ နှလုံးသွေးကြောတွေကို ဖောက်ထွက် လေသလား …။ ရင်ထဲကို သိမ့်ခနဲ လှုပ်နှိုး လိုက်ချိန်မှာ …
ဆောင်းမနက်ခင်း …၊ မီးဖိုလှုံရင်း ပြောင်းဖူးတစ်ဖူးအတွက် ငိုနေတဲ့ ကောင်လေးကို တမ်းတမ်းတတ သတိရမိ တယ်။ သတိရလိုက်တာ … အဖေရယ်၊ အမေရယ်၊ ရိုးသားပြီး ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုဘ၀ကလေးရယ်။ ကျွန်တော် အဖြေရပါပြီ။ ဒီဘ၀ကသာ ကျွန်တော့်ခေါင်းအုံး၊ ကျွန်တော်ရဲ့ ငိုကြွေးရာ ရင်ခွင်ပါ။
“မေမေ …၊ ဒီည လသာ တယ်၊ မေမေ ပုံပြောဦးနော် …”
“အေး … အေး …၊ ၀ရံတာကို ရှင်းထား၊ သားဖေဖေ အားရင် လာခဲ့မယ်နော် …”
“ဟုတ်ကဲ့”
အခန်း (၂)
“ဟိုး … ဟိုက ကြယ်တန်း လေးကို ကြည့်ကြ၊ ကြယ်သုံးလုံး တန်းတန်း လေးနဲ့ရပ်နေကြတာလေ။ အဲဒါက သားအဖသုံးယောက်၊ လှေထိုးသားဘ၀နဲ့ အသက်အတွက် ရုန်းကန်ကြရင်း မြစ်ထဲမှာ လှေမှောက်ပြီး သေဆုံးကြတယ်။ သူတို့ ၀ိညာဉ်တွေက ကြယ်ဘ၀ကို ပြောင်းသွားကြ တယ် …။ အဲဒီကြယ်တွေရဲ့ နာမည်က “Pa fa thum te lawng te zawn” လို့ ခေါ်တယ်။ ”
“ဟိုက … ကြယ်စုလေး တွေကိုရော တွေ့လား …။ သူတို့ကို “Si ruk rawl tawm”၊ အမျိုးသမီး ၆ယောက် ထမင်းဝိုင်းပြီး စားကြတာကို သမုတ်ပြီး ခေါ်ကြတာ။ သူတို့က သူများရဲ့ အစေအခိုင်းအဖြစ်နဲ့ အလုပ်လုပ်ရင်း၊ တစ်နေ့တစ်နေ့ အဖိနှိပ်ခံတာကို မခံနိုင်ကြတဲ့ နောက်ဆုံး၊ ကြယ်ဘ၀ကို ပြောင်းသွားကြတာ …”
မေမေ့ရဲ့ ပုံပြင်လေးတွေပါ။
“ဖေဖေရော ပြောအုံးလေဗျာ”
“အင်း … ပုံပြင်တော့ ပြောစရာမရှိဘူးကွ၊ ငါလည်း နင်တို့အမေ ပြောတာပဲ သိတယ်”
“ဒါဆို အခြားဟာ ပြောပြ ပေါ့ဗျာ”
“ဟိုမှာ ကြယ်တွေကြားမှာ ရွေ့နေတဲ့ ကြယ်ကို တွေ့လား”
“ဟုတ်သားပဲ … ကြယ်တွေ ရွေ့တယ်ဟ၊ ဖေဖေပြောမှပဲ တွေ့ရတော့ တယ်။ ထူးဆန်းလိုက်တာနော် အစ်မ”
“အဲဒါကြယ်မဟုတ်ဘူး ငါ့သား၊ အဲဒါက ကမ္ဘာလှည့်လေယာဉ်တွေ”
“ဟား … သူတို့က ကြယ်တွေကြားမှာ သွားနေတာပေါ့၊ သား လည်း စီးချင်လိုက်တာဗျာ၊ ကြယ်တွေကို နီးနီးနားနားက ကြည့်ခွင့်ရမှာပေါ့နော်။ ”
“သူတို့နဲ့ ကြယ်တွေကြားမှာ မိုင်ပေါင်းများစွာ ကွာပါတယ်။ တစ်နေ့ကျရင် သားလည်း ကိုယ်တီထွင်တဲ့ လေယာဉ်နဲ့ ပျံပေါ့”
“သူတို့ လုပ်ထားတာ စီးလို့ မရ ဘူးလား”
“သား လူဆိုတာ သူများ နှာခေါင်းပေါက်နဲ့ အသက်မရှူရဘူး၊ ကိုယ့်ဟာနဲ့ကိုယ် ရပ်တည်ရတယ်၊ ကိုယ့်ဟာ နဲ့ကိုယ် လုပ်နိုင်စွမ်းရှိရတယ်”
“ဒါဆိုရင် သားကျောင်းတက်မှ ရမှာပေါ့နော်၊ သားဘယ်တော့ ကျောင်းတက် ရမလဲ ဖေဖေ”
“နောက်နှစ်တော့ တက်နိုင်ရ မှာပေါ့ သားရယ်၊ ဖေဖေကြိုးစားပါ့မယ်”
တစ်ခဏချင်းအတွင်းမှာ လောကကြီးက ရပ်တန့်သွားသလားမသိ၊ အရာရာတိုင်းဟာ ငြိမ်ကျသွားတယ်။ မေမေ့ မျက်နှာပေါ်မှာ မျက်ရည်စက်တွေ လှိမ့်ဆင်း လာတယ်။ အဲဒီအချိန်မှာ ဖေဖေ့မျက်နှာဟာ ဘယ်လိုနေခဲ့လဲဆိုတာ ကျွန်တော် ကောင်း ကောင်းမြင်ခဲ့ရတယ်။ နားမလည်ခဲ့တာက လွဲလို့ အရာရာတိုင်းဟာ အထင်းသား မြင် နေရတယ်။
“ကဲ ဒီည ဆုတောင်းပွဲကို သားဇမုံ ဦးဆောင်မယ်နော်”
“ဟုတ်ကဲ့”
“အဘဘုရား သားဖေဖေမှာ ပုဆိုးနှစ်ထည်၊ အင်္ကျီနှစ်ထည်နှင့် သားမေမေမှာ ထဘီနှစ်ထည်၊ အင်္ကျီနှစ်ထည် သာ ရှိပါတယ်၊ အ၀တ်အစား အများကြီး ပေးတော်မူပါ”
“အာမင်”
“အာမင်” ထူးသံက တစ်သံပဲ ထွက်လာတယ်။ ကျွန်တော့် အမေရဲ့ အသံပဲ ဖြစ်တယ်။ ကျွန်တော်အံ့သြပြီး အဖေနဲ့အမေ ကို ကြည့်လိုက်မိတယ်။ မျက်လုံးအိမ်မှာ မျက်ရည်ဝဲ၀ဲနဲ့ ကျွန်တော့်ကို ကြည့်နေကြ တယ်။ ပြီး မေမေက ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြတယ်။ ကျွန်တော်လည်း ပြန်ပြုံးပြ ခဲ့တယ်။
(ကျွန်တော်ထွင် ပြောတာ မဟုတ်ဘူးနော်။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်အမေကို သွားမေးလို့ရတယ်။ ဒါပေမယ့် ကျွန်တော် ဘာဖြစ်လို့ ဆုတောင်း ခဲ့သလဲ ဆိုတာကိုတော့ လာမမေးပါနဲ့။ ကျွန်တော်လုံးဝ မသိလို့ပါ။)
ဖေဖေပြန်လာရင် သား ကျောင်းတက်ရတော့မယ်။ မျှော်လင့်ခြင်း များစွာနဲ့ ဖေဖေပြန်အလာကို စောင့်ဆိုင်း ခဲ့ရတယ်။
ဖေဖေလည်း ပြန်လာခဲ့ပါပြီ။ ကျွန်တော်လည်း ကျောင်းတက်ခဲ့ရပါပြီ။
ကျောင်းစာထဲက ကျွန်တော် အကြိုက်ဆုံးကတော့ …
“ကြယ်စင်တစ်ခု ငါတစ်ခု၊ ကြယ်စင်နှစ်ခု ငါနှစ်ခု …”
“Arsi pakhat kei pakhat, Arsi pahnih kei pahnih”
ကျွန်တော်ဖေဖေရဲ့ မျှော်လင့် ချက်တွေပါ။ ကြယ်တစ်ခုရှိရင် ကျွန်တော် လည်း တစ်ခုရှိနေရမယ်။ ကျွန်တော့် ရည်မှန်းချက်ကလည်း Pilot ဖြစ်ဖို့ပါ။ Pilot ဖြစ်ဖို့ကိုပဲ မနက်စာ ပြောင်းဖူးပြုတ် စားပြီး ကြိုးစားခဲ့တာပါပဲ။
ကျွန်တော့် ဖေဖေ အမြဲတမ်း ပြောတဲ့ အာဘရာဟမ်လင်ကွန်းဟာ ကျွန်တော့်ထက် အများကြီးသာပါတယ်။ သူကျောင်းသွားတဲ့ လမ်းဟာ တောင်တက် တောင်ဆင်း မရှိပါဘူး။ သူ့မှာက ကိုယ်ပိုင် စံအိမ်လည်း ရှိပါသေးတယ်။
အခန်း (၃)
ကျွန်တော့်အဖေ အမြဲတမ်း ပြောတဲ့ စကားတစ်ခွန်းလည်း ရှိပါသေး တယ်။
“ချောင်ကြိုချောင်ကြား တောင်တန်းတွေကြားမှာ ခက်ခက်ခဲခဲနဲ့ တောင်ယာခုတ်နေရတာကို ငါ ၀မ်းမနည်း ပါဘူး။ ဘုရားသခင်က ချင်းပြည်နယ်မှာ ချင်းလူမျိုး တစ်ယောက်အနေနဲ့ ကိုယ့်မြေ ဒေသကို ထိန်းသိမ်းဖို့ တာဝန်ပေးတာဖြစ်လို့ ငါဂုဏ်ယူတယ်။ ငါဟာ ဘာမှ မဟုတ်ခဲ့ရင် တောင်မှ ငါ့ရဲ့ သစ္စာရှိမှု၊ ငါ့ရိုးသားမှုတွေ ကြောင့် ငါ့သားစဉ်မြေးဆက်တွေဟာ အနာဂတ်ချင်းမြေရဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ချင်းမြေကို ထိန်းသိမ်းတဲ့ လူတွေပဲ ဖြစ်လာမှာ”
ငါ့သားမင်းလည်း အားမငယ်နဲ့ တစ်နေ့ကျရင် သမ္မတလင်ကွန်းထက် သာတဲ့ လူ ဖြစ်နိုင်ပါသေးတယ်။ ချင်းအမျိုးသား တစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူလိုက်စမ်း ပါ။ မင်းအားငယ်လို့ စိတ်ဓါတ်ကျပြီး ထွက်ပေါက်ရှာမရတဲ့ အချိန်တိုင်းမှာ တောင်တန်းတွေကို မော့ကြည့်လိုက်ပါ။ ဘုရားသခင်ဟာ မင်းနဲ့ အတူရှိနေတယ် ဆိုတာကိုလည်း မမေ့ပစ်ပါနဲ့။
မေမေကလည်း ပြောပါတယ်။ “သူစိမ်းတွေကြားကို တိုးသွားတဲ့အချိန်မှာ မျက်နှာမငယ်နဲ့၊ အားမငယ်နဲ့၊ တောင်တန်း ကြီးတွေဟာ နင့်နောက်ကနေ မားမား မတ်မတ်ရပ်တည်နေကြတယ်ဆိုတာကို သတိရပါ။ ကြောက်စိတ်တွေ ၀င်လာတဲ့ အချိန်တိုင်း တောင်ထိပ်နားက တဲအိမ်လေး ကို လှမ်းကြည့်လိုက်ပါ။ တောင်ကြားလမ်း ကလေးတွေကို ကျော်ဖြတ်ပြီး ပြန်လာခဲ့ပါ။ မေမေဟာ အမြဲတမ်းရှိနေမှာပါ။”
ဒီလိုနဲ့ တောင်ကျချောင်းရေ အလား ကျွန်တော်တို့ မိသားစုသည်လည်း တောင်ခြေရင်းက ကလေးမြို့ကို ဆင်းလာခဲ့ ကြတယ်။ ပညာတွေ ကြိုးစားသင်ယူရင်းနဲ့ ငါစောင့်ထိန်းရမယ့် အမိမြေကို သတိရတိုင်း၊ လပြည့်ညတိုင်း လှည့်ကြည့်ပြီး မျက်ရည်တွေ ယိုခဲ့ရတယ်။ တောင်ပြာတန်းရယ် ခွင့်လွှတ် ပါ။ ကျွန်တော်ကြိုးစားနေဆဲပါ။ မကြာခင်မှာ ပြန်လာတော့မယ်။
ရုတ်တရက် ကျွန်တော်ထ လိုက်မိတယ်။ ကောင်းကင်ကြီးကို မော့ကြည့်၊ ကြယ်တွေကို တစ်ချက် ပြုံးပြပြီး ကျွန်တော် ပြန်လာခဲ့တယ်။ (မသိရင်တော့ ဂေါက်သွားပြီ လို့ထင်မှာပဲ)။ မှန်ကြည့်စရာမလိုပဲ ကျွန်တော် သိနေတယ်၊ ကျွန်တော့်မျက်နှာ၊ ကျွန်တော့် မျက်လုံးတွေ တဖျပ်ဖျပ် တောက်ပနေမယ် ဆိုတာ …။ နောက်ကို လှည့်ပြီး ကြည့်ဖို့ တောင်တန်းတွေ မရှိပေမဲ့ ကျွန်တော်သိတယ် တောင်ပြာတန်းဟာ ကျွန်တော့်နောက်မှာ မားမားမတ်မတ် ရပ်နေသေးတယ်။ ကျေးဇူး တင်ပါတယ် တောင်တန်းကြီး။ ကျေးဇူးတင် ပါတယ် ပြောင်းဖူးပြုတ်။ ကျနေတဲ့ စိတ်တွေ ကို ဒီဂရီအလွန်မှာ ပြန်တင်လိုက်နိုင်ပြီ။ ကျွန်တော်ဟာ ချင်းလူမျိုးပါ။ ၀မ်းနည်းပြီး ငိုကြွေး၊ အားငယ်ပြီး မှိုင်တိုင် နေရမယ့်သူ မဟုတ်ဘူး။ ကျွန်တော် ရှေ့ဆက်ရအုံးမယ်။ တောင်တန်းကြီး ကျွန်တော့်နောက်က မားမားမတ်မတ် ရပ်နေသမျှပေါ့ …။
ဒီလိုနဲ့ အင်းစိန်လမ်းမကြီး အတိုင်း ကျွန်တော်ပြန်လာခဲ့တယ်။ လမင်း ကြီးလည်း သာနေတုန်း၊ ကြယ်ကလေးတွေ လည်း သာနေတုန်း၊ ငှက်ကလေးတွေလည်း အိပ်နေတုန်း၊ လေပြေညင်းက ဆော့ကစား တော့ တောင်တန်းကြီးလည်း နိုးလို့ပေါ့ …။
(တောင်တန်းကြီး မားမား မတ်မတ် ရပ်နေသမျှ)
စထွက်တုန်းက ပျော်ပွဲအတွက် ရည်ရွယ်ပြီး ထွက်ခဲ့တာတော့မဟုတ်ဘူး။ အားပီတို့ ကြက်သွန်ခင်းကို ခြံစည်းရိုးခတ်ဖို့ သက်သက်ပဲ။
ကျုံးဘိခ်တို့တဲရောက်မှ အစီ အစဉ်တွေပြောင်းကုန်တာ။
အဲဒီနေ့က တော်တော်လန်းဖြစ် ကြတယ်။
တကယ်တော့ အားပီနဲ့ ကျုံးဘိခ် တို့ တောင်ယာ ကပ်လျက်ရယ်၊ နီးနီးလေး။ ကျုံးဘိခ်တို့တောင်ယာကို ဖြတ်ပြီး အားပီ တို့ဆီသွား၊ လုပ်စရာရှိတာ ပြီးအောင်လုပ်၊ အိမ်ပြန်၊ ဒါပဲရှိတာကို။
သူတို့တောင်ယာတွေကလည်း ဘာမယ်မယ်ရရ သိပ်စိုက်တာမဟုတ်ဘူး။ အပျော် လုပ်နေကြတာလားတောင် အောက်မေ့ရတယ်။ အားပီအစ်ကို စီးပွား ရေးနည်းနည်းချောင်လည်တုန်း ကူးစက် ရောဂါလို လူတကာရနေတဲ့ စပျစ်စိုက်မယ် ဆိုတဲ့ ပိုးနဲ့ဝယ်ခဲ့တာ။
ကျွန်တော့်အထင် တောင်ယာဆို တာ ကိုယ်ဖိရင်ဖိ မလုပ်နိုင်ရင်တော့ ကင်မရာနှင့် တော်တော်တူတာဗျ။ ယိုပေါက် ကြီးတစ်ခုပဲ။
သြော်… ပြန်ဆက်ရဦးမယ်။
ကျုံးဘိခ်တို့တဲရောက်တော့ အားလုံးဗိုက်ဆာကြတာနဲ့ မတိုင်ပင်ပဲ ထမင်း ချက်တဲ့အလုပ်ကို စေးမွာလ် မီးစမွှေးတဲ့အချိန် ကစပြီး တညီတညွတ်တည်း လုပ်နေကြတာ ငါးမပက်ခင်အထိပဲ။ ကျုံးဘိခ်တို့တဲက အားပီ တို့တဲထက် အပြတ်မိုက်တာလေ။ ၀မ်းတစ် ထွာကိစ္စက အားပီတို့တဲနဲ့ အဆင်မပြေနိုင် မှန်း အားလုံးသိနေကြတော့ ဦးတည်ရာမ ရောက်မှုကိစ္စက တစ်စုံတစ်ယောက်ရဲ့ အသိ တရားထဲမှာ တစ်စက်မှ စိမ့်ဝင်မနေနိုင်ခဲ့ ပါဘူး။
ချက်ရင်းပြုတ်ရင်းနဲ့ပဲ ကျွန်တော် တို့ တောင်ယာလာရတဲ့အကြောင်းရင်း ယိုင်သွားရတော့တယ်။ တဲရှင်ကျုံးဘိခ်ရဲ့ ငါးအလှူကြောင့်ပေါ့။
“ငါတို့ထမင်းနဲ့ ငါးကြော်စားရ အောင်ကွ၊ ကန်ထဲကငါးတွေ ဖမ်းလို့ရနေပြီ”
ကျုံးဘိခ် အဲဒီလိုပြောတော့ ကျွန်တော်တို့ တော်တော်အံ့သြရတယ်။ သူက ကပ်စေးအင်မတန်နည်းတဲ့ကောင်၊ ဘာတွေကြောင်ပြီး အခုလို ပြောထွက်သွားရ တာလဲပေါ့။ အားလုံးရဲ့မျက်ဝန်းကတော့ တောက်ပမှုနှင့် သံသယရှိမှုအပြည့်နဲ့။
သူတို့ငါးကန်ကလည်း တစ်မျိုး၊ ဒူးခေါင်းလောက်ထိက ရွှံ့ဗွက်တွေချည်းပဲ။ အဲဒီရွှံ့တွေနဲ့ လက်နှစ်ထွာလောက် အတိုင်း အတာက ရေစုစုပေါင်း ခါးလယ်လောက်ထိ နက်တဲ့ကန်ပေါ့။
ကျွန်တော်တို့အားလုံး တက်ကြွ သွားရတာက ငါးဖမ်းနည်းကြောင့်ပဲ ဖြစ်ရမယ်လို့ ကျွန်တော်ထင်တယ်။
ဘောင်းဘီတိုလေးတွေ ကိုယ်စီ နှင့် ကန်ထဲဆင်းပြီး ရွံ့တွေနိုင်းချင်းနေတဲ့ရေ ကို မနောက်နောက်အောင် ခြေကန်လိုက် ပြေးလိုက်နဲ့ ဆော့နေရတယ်။ ရွံ့ရေနှင့် ကန်ရေတစ်ခုလုံး နောက်သွားမှ ငါးတွေမူး လာပြီး ပေါလောပေါ်လာမယ်။ အဲဒီငါးတွေ ကို လက်ခုပ်နဲ့ လိုက်ဖမ်းရမယ်။ ကျွမ်းကျင်မှု တော်တော်လိုမှန်း ဖမ်းရင်းနဲ့မှ ကျွန်တော် သိလာတယ်။
ရေနောက်အောင် ဆော့ရတာက လည်း နာရီဝက်လောက်ကြာတော့ လူက တော်တော်ပြိုင်းနေပြီ။ ရွံ့တွေမနောက် နောက်အောင် လုပ်ရတာလည်း မသက်သာ ဘူးနော်။ ဒူးခေါင်းလောက် ရွံ့ဗွတ်ထဲမြှပ်နေ တဲ့ခြေထောက်ကို ကွန်ဖူးကစ်လိုပုံစံနှင့် ဘယ်ညာမြှောက်ကန်ရတာ ၀ူခုန်းနဲ့တောင် တူသလိုလိုရှိသေး။
အဲဒီငါးဖမ်းရင်းနဲ့ ဖြစ်လာတဲ့ စိတ်အခြေအနေကြောင့်ပဲ လာရင်းကိစ္စ စည်းရိုးခတ်ဖို့ကို အားလုံးပျင်းသွားတာ။ အဲလိုဖမ်းနေတုန်း မိုးကလည်း သည်းကြီး မည်းကြီးရွာချလာ၊ ငါးကလည်း လက်ထဲ ရောက်ပြီးမှ ပြန်ချော်ချော်ထွက်သွား၊ လက် ဖ၀ါးသာသာအရွယ်ရှိတဲ့ ငါးတွေဆိုတော့ အာရုံကောင်းကောင်းစုပြီး ဖမ်းကြရတယ်။ ဒါပေမဲ့ အချိန်တော်တော်ကြီးကြာတဲ့အထိ တစ်ယောက်မှ တစ်ကောင်တစ်လေတောင် မမိကြဘူး။
ငါးတွေ မူးဖို့ဆိုပြီး ရေနောက် အောင် ကြိုးစားပမ်းစားပြေးလွှားနေတဲ့ ကျွန်တော်တို့ပဲ ကြာလာတော့ မူးချင်သလိုလို ဖြစ်လာတော့တယ်။
အဲဒီအချိန်မှာ အားလုံးအား တက်စရာအကြောင်းက ဖန်လာတယ်။
ကိုယ်အလေးချိန် ၁၂၅ပေါင် လောက်ရှိတဲ့ မိန်းမလှတစ်ယောက်ရဲ့ ခြေသလုံးသားအရွယ်လောက် ငါးတစ် ကောင်ကို ကျုံးဘိခ် မိလိုက်ခြင်းပဲ ဖြစ်တယ်။ ပြန်လွတ်မသွားအောင် တယုတယနှင့် ညှစ် ကိုင်နေရတဲ့ သူ့ပုံစံကလည်း ရယ်ရတယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် က တစ်ကောင်ပြီးတစ်ကောင် မိလာကြ တယ်။ စေးမွာလ် သုံးကောင်မိတဲ့အချိန်မှပဲ ကျွန်တော့်ရဲ့ တစ်ကောင်မြောက်က စမိဖြစ် တယ်။
“ရလောက်ပြီထင်တယ်၊ ငါတို့ အားလုံးမှ ခုနှစ်ယောက်ပဲဟာ၊ ခုမိတာ ဆယ့်ခြောက်ကောင်တောင် ရနေပြီ”
စိတ်ထဲ အားလုံးဝိုင်းဆဲနေမှာ သိတဲ့ ကျုံးဘိခ်က ဘယ်သူ့မျက်နှာမှ မကြည့် ဘဲ ပြောချလိုက်တာဖြစ်တယ်။
“ဖမ်းရတာပျော်တယ်လေ၊ ရသမျှ အားလုံးစားပစ်မယ်လို့ ဘယ်သူ ပြောလို့လဲ၊ မိထားတာတွေထဲက မကြိုက်တဲ့ အကောင်ကို ပြန်လွှတ်လို့ရတာပဲ။” ကျုံးကျုံးရဲ့ မလိုတမာ သံထွက်လာတော့ ကျုံးဘိခ်လည်း ကုပ်သွားတော့တယ်။ “ပြီးတာပါပဲ” လို့တော့ ညည်းသွားသလားပဲ။
ကျန်တဲ့ လူတွေရဲ့မျက်နှာမှာတော့ ပြုံးစိစိဖြစ်သွားတယ်။
ဒါက ဒီလိုရှိပါတယ်။
ကျွန်တော်တို့ ခုနှစ်ယောက်က တစ်အုပ်စုတည်း၊ တစ်ဘော်ဒါတည်းတွေ၊ အားလုံးက ဆယ်တန်းအောင်ကာစ အပျော် တတ်စီးသူတွေ၊ ကျုံးဘိခ်ကလွဲလို့ပေါ့…။ သူက ဆယ်တန်းကို ပူပူနွေးနွေးရှုံးထားတာ။ အရင်တစ်ပတ် ဆယ်တန်းအောင်စာရင်း သွားကြည့်တော့ ကျုံးဘိခ်ကလွဲလို့ ကျန်တဲ့ နာမည်တွေ အားလုံးပါလာတယ်။
အဲဒီနေ့မှာပဲ ဖင်မှန်းခေါင်းမှန်း မသိအောင် ကျုံးဘိခ်မူးနေခဲ့တယ်။ သူဟာ သူမူးမူးနဲ့ ကြေကွဲနေတာမဟုတ်ဘူး။ ကျုံးကျုံးရဲ့ကောင်မလေးကို လူပျိုလှည့်သွား တယ်တဲ့။ ဒီတင်လားဆိုတော့ မဟုတ်ဘူးတဲ့။ ဘာတွေများလည်းဆိုတော့ လူလည်းလစ် ရော မွှေးမွှေးပေးသွားတယ်တဲ့။
ကောင်မလေးကလည်း ကိုယ့်ဟာ ကိုယ် ဖြေရှင်းတာမဟုတ်ဘူး။
ကျုံးကျုံးနဲ့သွားတိုင်တယ်ဆို လားပဲ။
အဲဒီမှာတင် ကျုံးဘိခ်ကို ကျုံးကျုံး က တင်းသွားတာ။ သွားပြောလို့လည်း မကောင်းဘူးလေ၊ သူခမျာ ဆယ်တန်းမှာ အုပ်စုတွင်းတစ်ယောက်တည်း ထီးထီးကြီးရှုံး ရတဲ့ဟာကို။ အားပေးရမလား၊ စိန်ခေါ်ဆုံးမ ရမလား၊ နှစ်သိမ့်ရမလား၊ အပြစ်တင်ရမ လားနဲ့ ဇဝေဇ၀ါ ဖြစ်ကုန်ရတယ်။
အဲဒီနောက်ရက်တွေ လူစုတဲ့ နေရာမှာ ကျုံးဘိခ်မဟုတ်ရင် ကျုံးကျုံး တစ်ယောက်ယောက်တော့ ပျက်ကွက်နေ တော့တာပဲ။ အခုအားပီက အလုပ်ကူဖို့ကိစ္စ နဲ့ လူစုတော့မှပဲ အားလုံးစုံဖြစ်တော့တယ်။
ပြုံးစိစိဖြစ်ကုန်တာလည်း ကျုံးကျုံးကောင်မလေးကြောင့်ပါ။
အဲလိုကိစ္စဆိုရင် သူက ဘယ်သူ ကိုမှ မငြင်းဖူးသေးဘူးလေ။
ဒါကို အားလုံးလည်း သိနေကြ တော့။
စိတ်ကြိုက် ဆယ့်ခြောက်ကောင် ရွေးပြီး မီးဖိုကို ပြန်လာကြတော့ မေးရိုး တွေအပေါ် အောက်ရိုက်နေပြီ။ ဖိုခနောက် နှစ်ခုဆက်မွှေးပြီး ရေရွှဲနေတဲ့ အ၀တ်တွေနဲ့ မီးလှုံနေရတယ်။
တဲက အရွယ်အစားညီညီ သစ်လုံးလေးတွေ တန်းစီထောင်ပြီး မြက်ခြောက်ရှည်တွေနဲ့ မိုးထားတာဆိုတော့ တော်တော်လှတယ်။ တောင်စောင်းနေရာက ငှက်ပျောပင်တွေကြားခပ်ပြေပြေလေးရှိတဲ့ မြေနေရာမှာ ထိုးထားတော့ တဲရဲ့ ပုံရိပ်က အမြင်မှာ ကြွသလိုရှိပြီး ဟိုနိုင်ငံခြား ဓာတ်ပုံတွေထဲက အလှဆောက်ထားတဲ့ အိမ်လေးတွေနဲ့တောင် နင်လားငါလားပဲ။
တဲရဲ့အောက်ဘက်မှာ ရာသီစာ တွေ စိုက်တာတွေ့ရတယ်၊ အထက်ဘက်မှာ တော့နှစ်ရှည်ပင် တွေရှိတယ်။ ဒါပေမယ့် သူတို့က သိပ်မကြည့်အားကြတော့ မြက်ပင် တွေဖုံးတဲ့နေရာဖုံး၊ ဘောစကိုင်းတွေလည်း ပြိုင်းပြိုင်းရိုင်းရိုင်းနဲ့ ရှည်ချင်သလိုကို ရှည်နေ ကြတော့တယ်။
အဲလို ပြိုင်းပြိုင်းရိုင်းရိုင်းရှိတဲ့ နေရာမှာ ပြောင်းဖူးပင်တွေလည်း အဖွဲ့ဝင် တွေအဖြစ်ပါသွားတော့ ကျွန်တော်တို့ အတွက် မုတ်ဆိတ်ပျားစွဲသွားတယ်။ အုန်းသီးကြွေခိုက်ကျီးနင်းခိုက်လို့ ပြောရင် တော့ရမလား မသိဘူး။ စားချင်တဲ့ပြောင်းဖူး တွေ စားရတာကို ပြောနေတာပါ၊ တစ်မျိုး မထင်ပါနဲ့။
စေးမွာလ်က ငါးကြော်တဲ့ တာဝန်ယူတော့ ကျန်တဲ့လူတွေ ၀ိုင်းဖွဲ့မီးလှုံ ရင်းပြောင်းဖူးဖုတ်ကြတယ်။
ဟိုလေ… မိုးအေးအေး လေးထဲ ဘော်ဒါတွေခုမီးလှုံရင်း၊ ပြောင်းဖူး ဖုတ်မြည်းရင်း၊ ရီစရာတွေနဲ့ ဟေးလား ၀ါးလား လုပ်ရတာလောက် ပျော်စရာ ကောင်းတာ ကျွန်တော်ဖြင့် မတွေ့ဖူးသေး ဘူးဗျာ။ မြန်မာစာမဖြေခင်နေ့သာဆို ဘယ်လောက် ကောင်းမလဲလို့ တောင်တွေး မိသေးတယ်။ “မမေ့နိုင်သော နေ့တစ်နေ့” စာစီစာကုံး အတွက် အမှတ်ပြည့်ပဲမလား။
ထမင်းကလည်း ရယ်ဒီဖြစ်ပြီ၊ ငါးကြော်လည်းရပြီ၊ ပြောင်းဖူးဖုတ်လည်း intro ၀င်နေပြီ။ စားပွဲနွှဲတော့မယ်ဟေ့ လုပ်တော့ သူတို့တဲမှာ စပျစ်ဝိုင်တွေရှိသေး တယ်ဆိုတဲ့အကြောင်း အားပီက ပြောလာ တယ်။ ကျုံးကျုံးနဲ့နော်လ်သဲတို့လည်း အားတက်သရောနဲ့ အဖော်လုပ်ပြီးသွား ယူတယ်။
ကျွန်တော်နဲ့ ကျုံးဘိခ်က ဟင်းရည်အတွက် အာလူးသွားတူးရတယ်။ ဂေါ်ရခါးသီးစင်က ရွက်နုထွတ်လေးတွေ လည်း ခူးလာခဲ့တယ်။ ရေသွားခပ်တော့ စိမ့်စမ်းရေစေးရေတွေစထွက်တဲ့နေရာက ခပ်ရတာ။
ကျွန်တော် တော်တော်ကျေနပ် တယ်။
အခုပဲကန်ထဲက ဖမ်းလာတဲ့ငါးကို ကြော်၊ အခုပဲ အပင်ကဆွတ်လာတဲ့ ပြောင်းဖူးကိုဖုတ်၊ အခုပဲမြေကြီးထဲတူးတဲ့ အာလူးကိုချက်၊ အခုပဲ အပင်ပေါ်ကဆိတ် လာတဲ့ ဂေါ်ရခါးရွက်နုထွတ်လေးကိုရော၊ အခုပဲချူလာတဲ့ အိုးထဲက နှစ်ချို့ဝိုင် စပျစ် ရည်နဲ့မျော၊ ဘော်ဒါတွေက ဘေးပတ်လည် မှာ စကားတွေဖောင်းဖွဲ့ပြော။
” ကန္တာရဆိုတာနိဗ္ဗာန်ဘုံပါပဲ
ငါ့အတွက်ပြီးပြည့်စုံတယ်”
ပါရှန်းကဗျာဆရာ အိုမာခရမ်ကို ဒီအချိန်မှာ ကျွန်တော်မလွမ်းဘူး။ အင်ဂျလီ နာဂျိုလီရဲ့ရမ္မက်ပြည့်နေတဲ့ အောက် နှုတ်ခမ်းသားထူကိုလည်း ဒီအချိန်မှာ ကျွန်တော်မတပ်မက်ဘူး။
စူဠာသုဘဒ္ဒရဲ့ ရန်ငြိုးကိုလည်း ဒီအချိန်မှာ ကျွန်တော်မကြောက်အားဘူး။ လူဝီဘုရင်မရဲ့ ကိတ်မုန့်ကိုလည်း ဒီအချိန် စိတ်မ၀င်စာဘူး။
ကိုယ့်ကိုကိုယ် ဘာလိုချင်သလဲ ဆိုတာ အမြဲတမ်းမသိတဲ့ ကျွန်တော်က အခုရနေတဲ့အနေအထားကို အမြဲတမ်းလို ချင်လိမ့်မယ်ထင်တယ်။
ဘော်ဒါတွေကို ဒီနေ့တော့ တောင်ယာမှာ ကိုယ်တို့ ပျော်ပွဲလုပ်ကြတာ ပဲလို့ပြောတော့ သူတို့က ကန့်ကွက်ချင်နေ ကြတယ်။ မဟုတ်ဘူးတဲ့။
ကိုယ်ကြိုက်သလိုနေကြတာ။
ပျော်ပွဲဖြစ်အောင်ဆိုပြီး တမင် လုပ်ယူတာ မဟုတ်ဘူးတဲ့။
ဒါပေမယ့် အဲဒီနေ့က ကျွန်တော် အရမ်းပျော်ခဲ့တယ်။
ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ လူတစ်ယောက် ပေါ်ပေါက်လာတယ်ဆိုရင် ဒီပုဂ္ဂိုလ်က ဘာလူမျိုးလဲ၊ ဘယ်နိုင်ငံ ကလဲလို့ မေးလေ့ရှိကြတယ်။ မြန်မာပြည်မှာလဲ ဘယ်မြို့ကလဲ။ ဘာလူမျိုးလဲလို့မေးကြပါတယ်။ ဒီလိုမေးတာကို ထောက်လိုက်တော့ လူမျိုးဆိုတာ အရေးကြီးမှန်းသတိရလာကြမှာဖြစ်ပါတယ်။ ဒါ့အပြင် လူမျိုးရယ်လို့ ဖြစ်လာရင်လဲ လူဦးရေများဖို့က သိပ်အရေးကြီးတယ်။ အဲဒါကြောင့် ရှေးလူကြီးသူမတွေက “အရေအတွက်များတော့ အနိုင်ရစေတယ်။ အရေအတွက်များတော့ စားသောက်ရပ်တည် နိုင်တယ်” လို့ ပြောကြတယ်။
မှန်လေစွ၊ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ကြီးပွားမှု အတွက်လည်းပဲ လူဦးရေ အတော်အသင့်ရှိဖို့လိုအပ်ပါတယ်။ မလေးရှား၊ စင်ကာပူတို့ နိုင်ငံခြားသားအလုပ်သမားခေါ်ရခြင်းက နိုင်ငံတွင်းအလုပ်သမားလိုအပ်ချက် (demand) ကို ၎င်းင်းတို့ နိုင်ငံသားတွေနဲ့ လုံလောက်အောင်ဖြည့်ဆည်း (supply) မပေး နိုင်လို့ဘဲ ဖြစ်ပါတယ်။
ခေတ်မှီတိုးတက်ပြီးသော နိုင်ငံအချင်းချင်းမှာ တောင်မှ လူဦးရေများတဲ့ နိုင်ငံဟာ လူဦးရေ နည်းတဲ့ နိုင်ငံထက် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး၊ အဖက်ဖက်မှာ အခွင့်အရေး သာလွန် စမြဲရှိနေတာတွေရပါတယ်။ စီးပွားရေးကဏ္ဍမှာ ကြည့်မယ်ဆိုရင် ဥပမာ လူဦးရေ (၂၂) သန်းသာရှိတဲ့ မလေးရှားနိုင်ငံက လူတိုင်းကြိုက် လူတိုင်းအသုံးတည့်တဲ့ တစ်ဒေါ်လာတန် ပစ္စည်းတစ်ခု ထုတ်လုပ် တယ်ဆိုပါစို့၊ အဲဒီပစ္စည်းကို တစ်နိုင်ငံလုံးရှိ လူတိုင်းဝယ်ပါမှ ဒေါ်လာသန်းပေါင်း (၂၂)သန်းပဲ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဒီပစ္စည်းကိုပဲ အမေရိကန်က ထုတ်လုပ်ပြီး အမေရိကန် နိုင်ငံသားတိုင်းဝယ်ယူအားပေးကြမယ်ဆိုရင် သူတို့နိုင်ငံမှာတင် ဒေါ်လာသန်းပေါင်း (၂၇၅) လောက်ရမယ်။
ဘယ်လိုပဲဖြစ်ဖြစ် မလေးရှားနိုင်ငံက အားကျမခံ အမေရိကန်ရတဲ့ ငွေပမာဏကို ရချင်တယ်ဆိုရင် မြန်မာအပါအ၀င် အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘရူးနိုင်းနှင့် ဖိလိပိုင်နိုင်ငံတို့နဲ့ သဘောတူညီမှုတစ်ခုလုပ်ပြီး လူတိုင်းကို ၀ယ်ခိုင်းမှာပဲ အမေရိကန် နိုင်ငံအတွင်း ရောင်းရငွေပမာဏကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူမျိုးတစ်မျိုးမှာ လူဦးရေ အတော်အသင့်ရှိဖို့ အရေးကြီး ပါတယ်။
လူမှုရေးမှာ ပြန်ကြည့်တဲ့အခါမှာလဲ ဒီနေ့ကမ္ဘာမှာ လူဦးရေများတဲ့ လူမျိုးကြီးတွေက လူဦးရေနည်းတဲ့ လူနည်းစုများကို စိုးမိုးခြယ်လှယ်ရင်း တဖြည်းဖြည်းဝါးမျိုးကာ လူမျိုးငယ်များ ပျောက်ကွယ်သွားတဲ့ အဖြစ်အပျက်များ ကြားဖူးပါလိမ့်မည်။ အဲဒါ ကြောင့် ခေတ်မီပြီး တရားမျှတမှုရှိတဲ့ နိုင်ငံများမှာ အဲဒီလိုအဖြစ်မျိုး နောက်ထပ်မကြုံရလေ အောင် လူမျိုးငယ် (သို့မဟုတ်) လူနည်းစုကို အကာအကွယ်ပေးတဲ့ အက်ဥပဒေများ ပြဋ္ဌာန်းခဲ့ကြရတာ ဖြစ်ပါ တယ်။
မြန်မာ့သမိုင်းကို ပြန်လှန်ကြည့်မယ်ဆိုရင် ဟိုး(၉)ရာစု ခေတ်တုန်းက ကိုယ့်ထီးကိုယ့်နန်းကိုယ်နယ်မြေနဲ့ နန်းစံခဲ့ကြတဲ့ ပျူလူမျိုးတို့ဟာ အခုအချိန်မှာ မယုံကြည်နိုင်လောက်အောင် မျိုးတုံး ကွယ်ပျောက်သွားတာအားလုံး အသိပဲ မဟုတ်လား။ စာရေးသူနှင့် သူငယ်ချင်းတစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက ပုဂံမြို့ကို လေ့လာရေးအဖြစ် အလည်တစ်ခေါက် ရောက်ခဲ့တယ်။ ပုဂံမှာရှိတဲ့ ရှေးမြန်မာမင်းများ တည်ထောင်ခဲ့တဲ့ မရေတွက်နိုင်လောက်အောင် များပြားတဲ့ စေတီပုထိုးများ၊ တွေ့ခဲ့ရပါတယ်။ အဲဒီမှာ ထူခြားတာ တစ်ခုက မြစေတီကျောက်စာကို ပျူ၊ မွန်၊ ပါဠိနှင့် မြန်မာ ဘာသာ စကား (၄) မျိုးဖြင့် ရေးသားထားတာ တွေ့ရတော့ ဟိုခေတ် ဟိုအခါက ပျူစာပေ၊ ပျူယဉ်ကျေးမှုလဲ ထွန်းကားနေတယ်ဆိုတာ သိခဲ့ရတယ်။
ဒါနဲ့ ပျူတို့ရဲ့အကြောင်း သိချင်တာနဲ့နယ်ခံလူ တစ်ယောက်ကို ပုဂံမှာ ပျူလူမျိုးတွေ တော်တော်ရှိသေးလားလို့ စပ်စုလိုက်တော့ ပုဂံမြို့ဟောင်းမှာ တစ်အိမ်နှစ်အိမ်လောက်ပဲ ရှိပါတော့တယ်လို့ ပြောလိုက်တာကြားရတော့ ရင်ထဲမှာအတိုင်းမသိ ၀မ်းနည်းမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးတချိန်တုန်းက ကိုယ်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ မင်းဆက် (dynesty) တောင် တည်ထောင်နိုင်ခဲ့တဲ့ ပျူလူမျိုးတို့ဟာ ဒီကနေ့ ပျောက်ကွယ်သွားနိုင်ခဲ့ရင် ကျွန်တော်တို့ ချင်းလူမျိုးတွေ လည်း စာပေနှင့် ယဉ်ကျေးမှုကို မထိန်းသိမ်းခဲ့ဘူးဆိုရင် …ဆိုတဲ့ အတွေးက စာရေးသူရင်ထဲမှာ မခေါ်မဖိတ်ပဲ နာဂစ် လေမုန်တိုင်း ထက် ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ ၀င်လာခဲ့ပါတော့တယ်။
ဟုတ်ကဲ့။ ဒါ့ကြောင့် အခုကျွန်တော်တို့ ချင်းလူမျိုးတွေ ရဲ့အကြောင်း သိသလောက် ဆွေးနွေးကြရအောင်။
အရှိုချင်းများအပါအ၀င် တောင်ပေါ်ဒေသနှင့် မြန်မာနိုင်ငံရှိ အခြားဒေသများမှာ နေထိုင်တဲ့ချင်းလူမျိုး အားလုံး ပေါင်းမှ လူဦးရေ (၁) သန်းလောက်ပဲရှိတယ်ဆိုတာ သိရပါတယ်။ မြန်မာနိုင်ငံလူဦးရေ (၅၅) သန်းနဲ့ နှိုင်းယှဉ်လိုက်ရင် အလွန်ပဲ နည်းပါး သေးတာ တွေ့ရပါလိမ့်မယ်။ လောကမှာ နည်းပါးတဲ့ပစ္စည်း၊ ရှားပါးတဲ့ပစ္စည်းများကို လူတွေက အလွန်တန်ဖိုးထားပြီး ဈေးကြီးကြီးပေးကာ ရိုရိုသေသေ ကိုင်တွယ်ထိန်းသိမ်းတတ်ကြ ပါတယ်။ အဲဒီလိုပဲ လူဦးရေ အလွန်နည်းပါးသေးတဲ့ ကျွန်တော်တို့ ချင်းလူမျိုးတွေဟာလဲ အမိဇလပ်မြေရဲ့ အဖိုးတန် ရတနာများ ဖြစ်ကြပါတယ်။ အဲဒီအဖိုးတန်ရတနာတွေကို လမ်းမှားသို့ မရောက်၊ မပျက်မစီး၊ မပျောက်မရှ။ မဆုံးရှုံးရလေအောင် ထိန်းသိမ်းဖို့ က ဒီကနေ့ ကျွန်တော်တို့ အားလုံးရဲ့ သမိုင်းပေးတာဝန်ပါပဲ။ (အဲဒီရတနာတွေအတွက် ကမ်းလင့်ထားတဲ့ မင်းရဲ့လက်တွေဟာ အဖိုးတန်ရတနာတွေရဲ့ အနာဂတ်ကို ထုဆစ်ခွင့်ရစေမယ့်၊ ရွှေလက် တစ်စုံဖြစ်နေတယ်ဆိုတာ မမေ့ပါနဲ့)
အဲဒီတော့ “မြန်မာနိုင်ငံသားအားလုံးတွင် လွတ်လပ်စွာ ယုံကြည်ခွင့်နှင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရန် တူညီအခွင့်အရေး များရှိသည်” ဆိုတဲ့ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့လိုပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ကမှ မထိန်းသိမ်းရင် ဘယ်သူကလာပြီး ထိန်းသိမ်းပေးမှာလဲ။ ဒီနေရာမှာ “ကိုးကွယ်တဲ့ဘာသာကို ပြောင်းလို့ရတယ် လူမျိုးကို ပြောင်းလို့မရဘူး” လို့ ခဏခဏ တဖွဖွပြောတဲ့ သူငယ်ချင်းအဆိုတော် လိန်တောင်ကမ်းခင်းရဲ့ ဒဿနကို သတိရမိတယ်။ အရမ်းမှန်ပါတယ်။ ကျွန်တော်တို့ ကိုးကွယ်တဲ့ဘာသာပြောင်းလို့ရပေမယ့် အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုး ဖြစ်ချင်လို့မရဘူး၊ ချင်းလူမျိုးဟာချင်းလူမျိုးပါပဲ။ အဲဒါကြောင့် မျိုးချစ်စိတ်နှင့် ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုတို့ကို ကိုယ်ကပဲထိန်းသိမ်းပြီး ကိုယ်လူမျိုး တိုးတက်လာအောင် လုပ်ရမှာဖြစ်ပါတယ်။ တကယ်လို့ မထိန်းသိမ်းခဲ့ဘူးဆိုရင် နောင်တစ်ချိန်မှာ သမိုင်းထဲက ပျူလူမျိုးတို့လို စာပေ၊ ယဉ်ကျေးမှုနဲ့ လူမျိုးပါ ကွယ်ပျောက် မသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ?။
ဒီတော့ လူမျိုးအပျောက်ခံနိုင်သလားလို့ မေးခဲ့ရင် အားလုံးကအဖြေ တစ်ခုတည်းထွက်မယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ချင်းလူမျိုးများ ကမ္ဘာတည်သရွေ့ ရှင်သန်တည်ရှိနေဖို့ သေချာတာတစ်ခုကတော့ သမိုင်းထဲက အဖြစ်အပျက်ကို သင်ခန်းစာယူပြီးသကာလ “မြေမျို၍ လူမျိုးမပြုတ်၊ လူမျို၍ လူမျိုးပြုတ်သည်” ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ ဆောင်ပုဒ်ကို နှလုံးသွင်းရင်း အထက်ကဆိုခဲ့တဲ့ နိုင်ငံတော်ရဲ့ လမ်းညွှန်မှုနဲ့အညီ ကိုယ့်လူမျိုးနှင့် ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းကာ ချင်းလူမျိုးဆိုတဲ့ အမည်အောက်မှာ ချင်းမြို့နယ်အုပ်စု၊ မျိုးနွယ်စု အသီးသီး အင်ပြည့်အားပြည့်ပါဝင်ဖို့၊ ပြီးတော့ ချင်းလူမျိုးတိုးတက် များပြားအောင် လုပ်ဖို့ပါဘဲ။ဒါကို ယနေ့ချင်းလူငယ် မောင်မယ် တွေက ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်။
စတီဗင်ကျင့်ဇာခိုင် (Cosmo)